ကိုဗစ် ၁၉ ပြဿနာ မြန်မာအစိုးရ ကိုင်တွယ်ထိန်းချုပ်နိုင်ပါ့မလား

ကိုရိုနာဗိုင်းရပ်စ်ပြဿနာနဲ့ မြန်မာ့အခြေအနေကို ကမ္ဘာ့နိုင်ငံကြီးများက အကောင်းမမြင်ကြပေမဲ့ မြန်မာနိုင်ငံမှာ ထိန်းချုပ်နိုင်မှုနဲ့ ကုသနိုင်မှုဟာ တနေ့တခြားတိုးတက်လာနေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ တည်ရှိတဲ့ ဟူဘေးပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၅၈ ယောက် ရှိလာတဲ့အချိန်၊ တခြားပြည်နယ်အချို့အပါအဝင် ဂျပန်၊ ကိုရီးယားနဲ့ ထိုင်းနိုင်ငံတွေမှာ ကူးစက်ခံရသူ ၂၄ ယောက်၊ စုစုပေါင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၈၂ ယောက် ရှိလာချိန်ကစ အစီရင်ခံစာ အမှတ် ၁ Coronavirus disease 2019 (COVID-19) Situation Report (1) ကို ဇန်နဝါရီ ၂၁ ရက်က စပြီးထုတ်ပြန်ပါတယ်။

အဲဒီကနေ ၂ လကျော်အကြာ မတ်လ ၂၃ ရက်အရောက် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ယောက် စတွေ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အစီရင်ခံစာ အမှတ် ၆၄ မှာ မြန်မာနိုင်ငံကို ပထမဦးဆုံးထည့်သွင်း ဖော်ပြခဲ့ပါတယ်။ အဲဒီအချိန်က စ တွက်ရင် မေလ ၁၇ ရက်ထိ ရက်ပေါင်း ၅၆ ရက်အတွင်း မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈၇ ယောက်၊ သေဆုံးသူ ၆ ယောက်၊ ပြန်လည် ကျန်းမာလာပြီး ဗိုင်းရပ်စ်ပိုး မတွေ့တော့သူ ၉၇ ယောက်ရှိပြီး လက်ရှိ ပိုးတွေ့လူနာ ၈၄ ယောက်ရှိပါတယ်။

ဒီကိန်းဂဏန်းတွေကိုကြည့်ပြီး တခြား ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ နိုင်ငံတွေနဲ့နှိုင်းယှဉ်လိုက်ရင် မြန်မာနိုင်ငံ အခြေအနေဟာ ဗိုင်းရပ်စ် ကူးစက်ခံရမှု နည်းနည်းပဲရှိတဲ့၊ သက်သာနေသေးတဲ့၊ အစိုးရက ထိန်းချုပ်နိုင်နေသေးတဲ့ အခြေအနေကို တွေ့မြင်ရပါတယ်။ ဒါပေမဲ့လည်း Foreign policy လို မဂ္ဂဇင်းကြီးက ဆောင်းပါးရှင်တချို့၊ eurasiareview.com က ဆောင်းပါးရှင်တချို့နဲ့ နိုင်ငံတကာက ဆောင်းပါးရှင်တချို့တွေကတော့ ကိုရိုနာဗိုင်းရပ်စ် ပြဿနာနဲ့ပတ်သက်တဲ့ မြန်မာ့အခြေအနေကို အကောင်းမမြင်ကြပါဘူး။

သူတို့တွေကတော့ မြန်မာဟာ တရုတ်နဲ့ အိမ်နီးချင်းဖြစ်ပြီး နယ်စပ်ကလည်း မိုင်ပေါင်း ၁,၄၀၀နီးပါး ရှည်လျားတယ်၊ သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ နေ့စဉ် နယ်စပ်ဖြတ်ကျော် အလုပ်လုပ်နေကြတယ်၊ ၂၀၁၉ စာရင်းတွေ အရ တရုတ် ၃၂၀,၀၀၀ လောက် မြန်မာနိုင်ငံကို အလည်လာကြတယ်၊ ဒါတောင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မယ်မယ်ရရ မတွေ့ရဘူး၊ ဒါဟာ ဗိုင်းရပ်စ် ရှိမရှိ အရေအတွက်များများ မစစ်နိုင်လို့ သိပ်မတွေ့ရတာ ဖြစ်နိုင်တယ်၊ နောက် မြန်မာနိုင်ငံမှာ လူတွေ ကျပ်ညပ်နေကြတဲ့ ဒုက္ခသည်စခန်းတွေ ရှိနေတယ်၊ ရခိုင်နဲ့ ကချင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ဘေးရှောင်စခန်းတွေမှာလည်း လူတွေ စုပြုံရောက်ရှိနေကြတယ်၊ ဒါကြောင့် နောက်ပိုင်း မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပိုပြီး ပေါ်ထွက်လာနိုင်တယ်၊ ကပ်ဘေးကြီး အဖြစ် ဆိုက်ရောက်နိုင်ဖွယ် ရှိနေသေးတယ်ဆိုပြီး အဆိုးမြင်သုံးသပ်ထားကြတာ တွေ့ရပါတယ်။

နိုင်ငံတကာက ဆောင်းပါးရှင်တချို့ သုံးသပ်ထားသလို မြန်မာ့အခြေအနေဟာ တကယ်ပဲ ဆိုးလာနိုင်သလား၊ ဒီဗိုင်းရပ်စ် ကူးစက်မှုပြဿနာကို အစိုးရကရော ကောင်းကောင်း ကိုင်တွယ် ထိန်းချုပ်နိုင်ပါ့မလား ဆိုတဲ့ကိစ္စ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီပြဿနာအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတဝှမ်းမှာ လူစုလူဝေးနဲ့ကျင်းပရတဲ့ ပွဲလမ်းသဘင်တွေ၊ ရုပ်ရှင်ရုံတွေ၊ လူစည်ကားရာ ဘုရားဖူးဌာနတွေကို ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်း အတော်များများမှာ စားသောက်ဆိုင်တွေ ပိတ်ထားဆဲ ဖြစ်သလို၊ ဘားတွေ ကလပ်တွေ၊ ကာရာအိုကေတွေလည်း ပိတ်ပင်ထားဆဲပါ။ စာသင်ကျောင်းတွေ၊ သင်တန်းတွေကိုလည်း ရွှေ့ဆိုင်းထားကြပါတယ်။

လုံခြုံရေးအတွက် မြို့ အတော်များများမှာ ည မထွက်ရအမိန့် ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ တချို့ တိုင်းနဲ့ ပြည်နယ်တွေကတော့ သူတို့ မြို့အဝင်ကို စောင့်ကြည့် ကန့်သတ်တာမျိုး လုပ်ကြပါတယ်။ ရန်ကုန်မှာဆိုရင် ဗိုင်းရပ်စ် ကူးစက်သူ အများဆုံးတွေ့တဲ့ မြို့နယ် ၁၀ ခုကို stay home အစီအစဉ်ချမှတ်ပြီး အဝင်အထွက် ကန့်သတ်တာမျိုး လုပ်နေပါတယ်။ နေပြည်တော်ကတော့ သူ့ဧရိယာထဲ ဝင်လာမယ့်သူတွေကို နေထိုင်ရာရပ်ကွက်ထောက်ခံစာ ယူလာခဲ့ဖို့နဲ့ ခိုင်လုံတဲ့အကြောင်းပြချက် ထောက်ခံစာပါလာဖို့ အမိန့် ထုတ်ထားပါတယ်။

အခြားတစ်ဖက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကာကွယ်နိုင်ရေး လက်ကိုပုံမှန်ဆေးကြဖို့၊ အပြင်ထွက်တဲ့အခါ နှာခေါင်းစည်း Mask တွေ တပ်သွားကြဖို့၊ လူတစ်ယောက်နဲ့ တစ်ယောက် ၆ ပေလောက် ခပ်ခွာခွာနေကြဖို့ စတာတွေပါဝင်တဲ့ ကျန်းမာရေးဆိုင်ရာ နှိုးဆော်မှုတွေကိုလည်း အဆက်မပြတ် လုပ်နေဆဲဖြစ်တာ တွေ့ကြရပါတယ်။

အခုဆိုရင် အစိုးရတာဝန်ရှိသူတွေဟာ လူတွေ နီးနီးကပ်ကပ် လုပ်ကြရတဲ့ စက်ရုံ အလုပ်ရုံတွေရဲ့ ပြဿနာဘက် အာရုံစိုက်လာတာ တွေ့မြင်ရပါတယ်။ အကြောင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ပြဿနာ ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး ချီးမွမ်းခံထားရတဲ့ အိမ်နီးချင်း စင်ကာပူနိုင်ငံမှာ အဆောက်အအုံအခန်းကျဉ်းလေးတွေထဲမှာ စုပြုံနေထိုင်တဲ့ နိုင်ငံခြားသား အလုပ်သမားတွေကတဆင့် ဗိုင်းရပ်စ်ကူးစက်သူ အများအပြားတွေ့ပြီး ပြဿနာ ပိုဆိုးရွားသွားစေခဲ့လို့ပဲ ဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ဒီအခြေအနေမျိုး မကြုံစေဖို့အတွက် သင်္ကြန်အပြီးကစ လူစုလူဝေးနဲ့လုပ်ကြရတဲ့ စက်ရုံ အလုပ်ရုံ ကုမ္ပဏီတွေကို ယာယီပိတ်ခိုင်းထားပြီး ကိုဗစ်ကာလနဲ့ လျော်ညီတဲ့ ပြုပြင်မှုတွေလုပ်ခိုင်း၊ အဖွဲ့စုံ စစ်ဆေးမှုတွေ လုပ်ပြီးမှ စက်ရုံ တစ်ခုပြီး တစ်ခု ပြန်လည် ဖွင့်လှစ်စေတဲ့ အစီအစဉ် ကျင့်သုံးနေတာ တွေ့မြင်နေရပါတယ်။ ဒီလို အခြေအနေတွေအောက်မှာ အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ပြန်ဝင်လာမှာလည်း ရှိနေပါတယ်။

အစိုးရကတော့ ပြီးခဲ့တဲ့မတ်လလယ်၊ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေ နယ်စပ်ဖြတ် ပြန်ဝင်လာချိန် ကသောင်းကနင်း ဖြစ်ခဲ့တာကို သင်ခန်းစာယူပုံရပါတယ်။ ဒီတစ်ကြိမ်တော့ တာချီလိတ်၊ မြဝတီလိုနေရာမျိုးမှာ ကွာရန်တင်း Quarantine လုပ်ဖို့နေရာတွေ ကြိုတင်ပြင်ဆင်တာ၊ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေကို သွားရောက်မယ့်သူတွေအတွက် မော်လမြိုင်၊ ဘားအံ၊ ပဲခူးလိုမြို့ကြီးတွေမှာ ကွာရန်တင်းစခန်းတွေ ကြိုတင် ပြင်ဆင်ထားတာ တွေ့ကြရပါတယ်။ ထိုင်းနိုင်ငံ အာဏာပိုင်အဖွဲ့တစ်ခုရဲ့ ထုတ်ပြန်ချက်မှာတော့ သူတို့ဆီမှာ ညမထွက်ရအမိန့် ရုပ်သိမ်းပြီးရင် မြန်မာ အလုပ်သမား ခြောက်သောင်းခွဲလောက် ပြန်ဝင်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ တစ်လခွဲကျော် မှတ်တမ်းတွေကို ပြန်ကြည့်ရင် တရုတ်နဲ့ ထိုင်းနယ်စပ်ကနေ တဆင့်ပြန်လာတဲ့ မြန်မာအလုပ်သမားတွေထဲမှာ ဗိုင်းရပ်စ်ပိုး ကူးစက်လာသူတွေ၊ သူတို့ကနေတဆင့် ကူးစက်မှုတွေ မယ်မယ်ရရ မတွေ့ကြရပါဘူး။ အခုဆိုရင် နယ်စပ်ကနေ ပြန်လာမယ့်အထဲ တရုတ်နိုင်ငံကနေ ပြန်ဝင်လာမယ့်သူတွေလည်း သောင်းနဲ့ချီ ရှိနေပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီတရုတ်၊ ယူနန်ပြည်နယ် နယ်စပ်ဘက်ကနေ ပြန်လာမယ့်သူတွေကို သိပ်ပြီးစိတ်ပူရတဲ့ အုပ်စုတွေအဖြစ် သတ်မှတ်ဖို့ မလိုအပ်ပါဘူး။

အကြောင်းကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အစီရင်ခံစာကနေ တရုတ်ပြည်တွင်း ပြည်နယ်တစ်ခုချင်းစီ ဗိုင်းရပ်စ် ပျံ့နှံ့မှု ဖော်ပြခဲ့တဲ့ နောက်ဆုံးစာရင်းမှာ မြန်မာနယ်စပ်နဲ့ထိစပ်နေတဲ့ ယူနန်ပြည်နယ်မှာ ဗိုင်းရပ်စ်တွေ့တဲ့ လူ ၁၇၄ ယောက်နဲ့ သေဆုံးသူ ၂ ယောက်ပဲ ရှိခဲ့ပါတယ်။ လက်ရှိအချိန်ထိ အဲဒီ ရလဒ်ဝန်းကျင်လောက်နဲ့ပဲ ရပ်တန့်သွားခဲ့တာ တွေ့ရပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ်လည်း ထပ်မတွေ့၊ ကာကွယ်တားဆီးရေးကိုလည်း နိုင်နိုင်နင်းနင်း လုပ်နိုင်တဲ့ ပြည်နယ် တစ်ခု ဖြစ်နေလို့ပါ။ လက်ရှိ မြေပြင်အခြေအနေမှာလည်း တရုတ်ဘက်ကတောင် မြန်မာနိုင်ငံသားတွေကို လုံး၀ အဝင်မခံတော့ပဲ ပိတ်ထားတဲ့အနေအထား ရောက်နေပါတယ်။

ထိုင်းနယ်စပ်က ပြန်လာမယ့်သူတွေကိုလည်း သတိမပေါ့ဘဲ စောင့်ကြည့်ရမှာဖြစ်ပေမယ့် သိပ် စိုးရိမ်ဖို့တော့ မလိုအပ်ပါဘူး။ ထိုင်းနိုင်ငံဟာ ဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးထောင်နီးပါး ရောက်သွားလို့ တနိုင်ငံလုံး အရေးပေါ် အခြေအနေအောက်မှာနေဖို့ သတ်မှတ်ထားတဲ့နိုင်ငံ ဖြစ်နေပါတယ်။ အခြားတစ်ဖက်မှာတော့ မေလ ၇ ရက် စာရင်းအရ ထိုင်းနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅၅ ယောက်၊ ပြန်ကောင်းအောင် ကုသပေးနိုင်သူ ၂,၇၆၁ ရှိပြီး ပိုးတွေ့လူနာ ၁၅၃ ယောက်ပဲ ရှိတာမို့ ဗိုင်းရပ်စ်ပြဿနာကို ထိန်းချုပ်လို့ရတဲ့ အနေအထား ရောက်လုရောက်ခင် နိုင်ငံလို့တောင် ပြောနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းနိုင်ငံက ပြန်လာသူတွေထဲမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ ပါကောင်းပါနိုင်ပေမဲ့ ကွာရန်တင်းထား စောင့်ကြပ်မှု အသေအချာလုပ်နိုင်ရင် ကောင်းကောင်းမွန်မွန် ကာကွယ်ထိန်းချုပ်နိုင်ပါလိမ့်မယ်။

မြန်မာနိုင်ငံထဲ နောက်ထပ် ဝင်ရောက်လာမှာက ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ အိန္ဒိယနဲ့ သီရိလင်္ကာက ဖြစ်ပြီး လူဦးရေ ထောင်ဂဏန်းလောက်ပဲ ရှိတာမို့ ရန်ကုန်ဧရိယာမှာတင် ကောင်းကောင်းမွန်မွန် ပိုင်ပိုင်နိုင်နိုင် ကွာရန်တင်းထား စောင့်ကြပ်ကြည့်ရှုလို့ ရနိုင်ပါတယ်။ လက်ရှိအချိန် မြန်မာနိုင်ငံ ရန်ကုန်မှာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးတဲ့ စက်တွေ အလုံအလောက် ရှိနေပြီး Test Kit တွေလည်း အထိုက်အလျောက် စုဆောင်းထားပြီးသား ရှိတယ်လို့ သိရပါတယ်။ COVID-19 စစ်ဆေးဖို့ အဆင့်မြှင့်ထားတဲ့ တပ်မတော်ပိုင် စက် ၂လုံးကလည်း သူ့ တပ်တွင်း ရောဂါရှာဖွေ စစ်ဆေးမှုမှာ ပါဝင်နေပြီး နောက်ပိုင်း အစိုးရတာဝန်ယူရတဲ့ စစ်ဆေးမှုတွေကိုပါ ကူညီ လုပ်ကိုင်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။ သိပ်မကြာခင် မန္တလေးနဲ့ မော်လမြိုင်လို မြို့တွေမှာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးလို့ ရနိုင်တဲ့ အခြေအနေ ရောက်လာပါလိမ့်မယ်။

တကယ်လို့များ မတော်တဆ အစုလိုက် အပြုလိုက် ဗိုင်းရပ်စ် ကူးစက်ခံရပြီး လူနာများလာခဲ့ရင် နိုင်နိုင်နင်းနင်း ကုသနိုင်အောင် ဖောင်ကြီးမှာ အသွင်ပြောင်းထားတဲ့ ကိုဗစ်ကုသတဲ့ အထူးဆေးရုံကြီးတစ်ရုံ ပြင်ဆင်လို့ ပြီးသွားပါပြီ။ ပထမအဆင့် လူနာ ၅၀၀၊ ဒုတိယ အဆင့် ၁,၀၀၀ နဲ့ နောက်ဆုံးအဆင့် လူနာ ၂,၀၀၀ လောက် ကုသနိုင်မှာမို့ တော်ရုံ အခြေအနေဆိုးတာလောက်ကို ထိန်းနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ကိုဗစ်ဗိုင်းရပ်စ်ရောဂါ တာဝန်ယူ ကုသနေရတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း ဒီဗိုင်းရပ်စ်ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှု အထိုက်အလျောက် ရှိလာနေပါပြီ။

မြန်မာနိုင်ငံမှာ ကပ်ရောဂါဘေး လုံးဝကင်းဖို့ဆိုတာဟာ တကမ္ဘာလုံးမှာ ဒီကပ်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်တဲ့ အခြေအနေရောက်မှ ဖြစ်မှာမို့ ဘယ်အချိန်လဲဆိုတာ မှန်းဆဖို့ ခက်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး လက်ရှိပြင်ဆင်ထားမှု အခြေအနေ၊ ကူးစက်ခံရသူ ၂၀၀ နီးပါးထဲက လူ ၁၀၀ နီးပါးကို ပျောက်ကင်းအောင် ကုသနိုင်ခဲ့တဲ့ အနေအထား၊ ပြည်သူတွေရဲ့ ကျန်းမာရေး ဆိုင်ရာ စည်းကမ်းလိုက်နာနိုင်မှု စတာတွေအားလုံးကို ချင့်တွက်ရင် သောင်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံရပ်ခြားကနေ ပြန်ပြီး ဝင်လာတဲ့တိုင် အစိုးရဟာ အခြားအိမ်နီးချင်း နိုင်ငံတချို့နည်းတူ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကို အောင်အောင်မြင်မြင် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်နိုင်မယ်ဖြစ်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.