ကိုဗစ် ၁၉ ကာလ ရန်ကုန်မြို့လေထုအရည်အသွေး သိသိသာသာတိုးတက်မလာ

ရန်ကုန်မြို့တွင် စက်ရုံများပိတ်ထားပြီး လူအများစုက အိမ်မှာနေထိုင်ကြ၍ သွားလာမှုနည်းပါးသည့်တိုင် လေထုညစ်ညမ်းမှုသည် ဆိုးဝါးနေဆဲပင်ရှိပြီး စိုက်ပျိုးရေးကဏ္ဍများတွင် အဖြေရှာနေကြသည်။

အိမ့်သက်ဆု ရေးသားသည်။

လေထုအရည်အသွေး ပြန်လည်မြင့်မားလာမှုသည် ယာယီဖြစ်နိုင်ဖွယ်ရှိသော်ငြားလည်း ကိုဗစ် – ၁၉ ဖြစ်ပွားမှု ကာလအတွင်း အဆိုးထဲမှအကောင်းဟု ဆိုရမည်ဖြစ်သည်။

ကိုဗစ် – ၁၉ ကြောင့် “အိမ်မှာနေကြရန် (stay at home)” အမိန့်များနှင့် စက်ရုံပိတ်ထားခြင်းများသည် ပြီးခဲ့သည့်နှစ်ကုန်ခါနီးက ကပ်ရောဂါစတင်ခဲ့သော တရုတ်နိုင်ငံ ဝူဟန်မြို့အပါအဝင် ကမ္ဘာ့မြို့ကြီးအများအပြားတွင် လေထုအရည်အသွေးမြင့်မားလာမှု အကျိုးဆက်များဖြစ်ပေါ်လာခဲ့သည်။

ဖင်လန်နိုင်ငံအခြေစိုက် စွမ်းအင်နှင့်လေထုသန့်စင်ရေး သုတေသနဗဟိုက လေထုထဲတွင် ညစ်ညမ်းစေသောအရာများ လျော့နည်းခြင်းသည် ဥရောပ၌ လူပေါင်း ၁၁,၀၀၀ သေဆုံးနိုင်မှုကို တားဆီးကာကွယ်နိုင်သည်ဟု ခန့်မှန်းထားပါသည်။

သို့သော် ရန်ကုန်တွင် များမကြာမီလများက လေထုညစ်ညမ်းမှုအဆင့်တွင် အပြောင်းအလဲ အတော်နည်းပါးသည်ကို တွေ့ရသည်။

လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index) နှင့် PurpleAir လေထုတိုင်းတာရေးစက်များမှ စောင့်ကြည့်တိုင်းတာခြင်းများအရ တခါတရံ မြို့တော်သည် ကမ္ဘာ့လေထုအရည်အသွေး အနိမ့်ဆုံးအဆင့်တွင် ပါဝင်နေသည်။

ရန်ကုန်တွင် လေထုညစ်ညမ်းမှုကိုဖြစ်စေသော လေထုတွင်းရှိအမှုန်ပါဝင်မှု particulate matter, PM အဓိကရင်းမြစ်များသည် မော်တော်ယာဉ်များ၊ စက်ရုံများ၊ လျှပ်စစ်ဓာတ်အားထုတ်ဂျင်နရေတာများ၊ ထမင်းဟင်းချက်သည့်မီးဖိုများမှ မီးခိုးငွေ့များ (အထူးသဖြင့် မီးသွေးအသုံးပြု၍)၊ အမှိုက်မီးရှို့ခြင်းများမှ ဖြစ်သည်။

အခြားမြို့ကြီးများနည်းတူ ကိုဗစ် – ၁၉ ကို တားဆီးရန် လူများခပ်ခွာခွာနေခြင်း Social Distancing)နှင့် အခြားကြိုတင်ကာကွယ်မှုများကြောင့် ရန်ကုန်တွင် လိုအပ်သလောက်သာ အလုပ်လုပ်ရန်အပြင်ထွက်ခြင်း၊ လမ်းပေါ်တွင်ယာဉ်ကြောပိတ်ဆို့မှု အလွန်တရာနည်းပါးခြင်း၊ စက်ရုံအများစုပိတ်ထားခြင်း အခြေအနေတို့ ဖြစ်လာစေခဲ့သည်။

သို့သော်လည်း မတ်လမှ မေလ နွေရာသီကာလအတွင်း လေထုအရည်အသွေးတိုင်းတာမှုတွင် ဆက်လက်၍ ကျဆင်းနေခြင်းမှာ ယင်းအကြောင်းအရာများသည် အဓိကရင်းမြစ် မဖြစ်နိုင်ကြောင်း ဖော်ပြနေသည်။

အမေရိကန်တက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသားလူငယ်တစ်စု ဆောင်ရွက်သော ရန်ကုန်မြို့ လေထုအရည်အသွေး တိုင်းတာခြင်း Air Quality Yangon, AQY အဖွဲ့သည် လူမှုမီဒီယာများမှတဆင့် ရန်ကုန်တွင် လေထုညစ်ညမ်းနေမှုကို အများပြည်သူသိရှိနိုင်ရန် ရည်ရွယ်ဆောင်ရွက်နေသည်။

အဖွဲ့သည် မြို့အနှံ့ နေရာအသီးသီးတွင် တပ်ဆင်ထားသော လေထုအရည်အသွေး တိုင်းတာရေးကိရိယာများမှ ကောက်ယူရရှိသော အချက်များကို ဖေ့စ်ဘွတ်ခ်ပေါ်တွင် တစ်နေ့ ၂ ကြိမ်ပုံမှန်တင်ပေးလေ့ရှိပြီး အမေရိကန်သံရုံးမှ လေထုတိုင်းတာရေး ကိရိယာတစ်ခုမှလည်း အချက်အလက်များကို ထုတ်ပေးနေသည်။

AQY သည် လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index) ကိုအသုံးပြုပြီး ယင်းသည် ညွှန်းကိန်းတန်ဖိုး PM 2.5 နှင့် PM 10 စသည်တို့ကဲ့သို့ လေထုထဲတွင် ညစ်ညမ်းစေသောပမာဏ ပါဝင်မှုကို တိုင်းတာသည့် စံနှုန်းတစ်ခုပင် ဖြစ်သည်။

PM 2.5 ဆိုသည်မှာ အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာ (2.5 micrometres) ထက်သေးငယ်သော၊ သို့မဟုတ် လူ့ဆံခြည်မျှင်အချင်း၏ ၃ ရာခိုင်နှုန်းခန့်ရှိသော လေထုတွင်းရှိအမှုန် particulate matter ကို ညွှန်းဆိုသည်။

၂ ဒသမ ၅ မိုက်ခရိုမီတာထက်သေးငယ်သော အမှုန်များသည် ရှုမိလျှင် အဆုတ်တွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်ပြီး သွေးကြောများထဲသို့တိုင် ရောက်ရှိနိုင်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က PM 2.5 နှင့် PM 10 ညွှန်းကိန်းနှစ်ခုစလုံး ပမာဏမြင့်မားလျှင် ကျန်းမာရေးအပေါ် သက်ရောက်မှုရှိကြောင်း အထောက်အထားများရှိပြီး၊ အသက်ရှုလမ်းကြောင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများအပါအဝင် အချိန်မတိုင်မီသေဆုံးခြင်းများ ဖြစ်နိုင်ကြောင်းဆိုသည်။

အဆုတ်နှင့် နှလုံးရောဂါအခံရှိသူများ၊ အထူးသဖြင့် သက်ကြီးပိုင်းနှင့် ကလေးငယ်များ၌ပါ ထိလွယ်ခိုက်လွယ်ကြောင်း ဆိုထားသည်။

AQY ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် လေထုတွင်းအမှုန်ပါဝင်မှုအဆင့်ကို အခြေခံပြီး လေထုအရည်အသွေး တိုင်းတာခြင်းကို အရောင်ခွဲခြားပြဇယားဖြင့် ဖော်ပြထားသည်။

PM ညွှန်းကိန်း (၀ – ၅၀) ထိ လေထုအရည်အသွေးကောင်းမွန်မှုကို အစိမ်းရောင်ဖြင့်၎င်း၊ (၅၁ -၁၀၀) ထိ အသင့်အတင့်ကို အဝါရောင်ဖြင့်၎င်း၊ (၁၀၁ – ၁၅၀) ထိ ရောဂါအခံရှိသူတို့အတွက် မသင့်တော်မှုကို လိမ္မော်ရောင်ဖြင့်၎င်း၊ (၁၅၁ – ၂၀၀) ထိ ကျန်းမာရေးအရမသင့်တော်မှုကို အနီရောင်ဖြင့်၎င်း၊ (၂၀၁- ၃၀၀) အလွန်အမင်းကျန်းမာရေးထိခိုက်စေမှုကို ခရမ်းရောင်ဖြင့်၎င်း၊ (၃၀၁- ၅၀၀) အန္တရာယ်ရှိသောအခြေအနေကို နီညိုရောင်ဖြင့်၎င်း ဖော်ပြပါသည်။

AQY မှ စုစည်းထားသော အချက်အလက်များအရ ရန်ကုန်တွင် လေထုတွင်းအမှုန်ပါဝင်မှုမှာ အသင့်အတင့်သာ လျော့ကျသည်ကို တွေ့နိုင်သည်။

AQY အဖွဲ့မှ Frontier ကို အီးမေးလ်ဖြင့်ပြောကြားသည်မှာ လေထုအရည်အသွေး အဘယ်ကြောင့် သိသိသာသာ တိုးတက်မလာရသနည်းဟု လူအများက သိချင်ကြကြောင်း ဆိုသည်။

“ကျွန်တော်တို့ သုံးသပ်ချက်တွေအများကြီး လက်ခံခဲ့ရတယ်။ ပြီးတော့ လေထုအရည်အသွေးက ဘာကြောင့် သိသိသာသာ ပိုကောင်းမလာရတာလဲဆိုပြီး မေးမြန်းကြတယ်။

“မေးမြန်းမှုတွေထဲမှာ ပါဝင်တာတွေကတော့ လမ်းပေါ်မှာ ကားတွေနည်းသွားပြီး စက်ရုံတွေပိတ်ထားတယ်။ ဒါကြောင့် လေထုအရည်အသွေး သိသိသာသာ တိုးတက်လာသင့်တယ်။ ဒါပေမဲ့ ဘာကြောင့် လေထုထဲမှာ ဒီအမှုန်အမွှားတွေက ရှိနေရသေးတာလဲ စသဖြင့်ပေါ့” ဟု AQY ကပြောသည်။

ရန်ကုန်တွင် အိမ်မှာနေရန် တိုက်တွန်းနှိုးဆော်မှုသည် လေထုညစ်ညမ်းမှုကို ဖြစ်စေကြောင်း တွေ့ရသည့် သာဓကများလည်း ရှိကြောင်း AQY အဖွဲ့ကပြောကြားသည်။

အစိုးရက အိမ်မှာနေရန်တိုက်တွန်းသည့်ကာလအတွင်းမှာပင် အဖွဲ့သည် စာမျက်နှာဝင်ကြည့်သူများထံမှ ၎င်းတို့ပတ်ဝန်းကျင်ရှိ လူများက အမှိုက်များနှင့်သစ်ရွက်များကို မီးရှို့ကြသည့်အကြောင်းများကို သိရှိခဲ့ရသည်။

“AQI (လေထုအရည်အသွေးညွှန်းကိန်း) မြင့်တက်နေတယ်ဆိုတဲ့ ကာလမှာပဲ AQY page ရဲ့ follower (ကြည့်ရှုသူ) တစ်ယောက်က လေထဲမှာပြာတွေလွင့်နေတဲ့ ဓာတ်ပုံတစ်ပုံကို page မှာတင်ခဲ့တယ်။

“ကျွန်တော်တို့ တွေ့ရှိချက်တွေ စုံစမ်းဖော်ထုတ်မှုတွေက အတိအကျမဟုတ်တာတောင် လေထုညစ်ညမ်းမှုကိုဖြစ်စေတဲ့ တခြားအကြောင်းရင်းခံတွေ ရှိနေသေးတယ်ဆိုတာ ပြောနိုင်ပါတယ်။ အဲဒါတွေက အမှိုက်နဲ့ ဇီဝလောင်စာတွေ (သစ်ရွက်ခြောက်နဲ့ သီးနှံရိုးပြတ်) ကို မီးရှို့ပစ်နေတာပဲ”

စိုက်ပျိုးရေးလုပ်ငန်းများသည် ရန်ကုန်တွင် လေထုအရည်အသွေးကျဆင်းခြင်း၏ အဓိကသော့ချက် ဖြစ်နိုင်ဖွယ်ရှိကြောင်း AQY အဖွဲ့က မှတ်ချက်ပြုထားသည်။

AQY မှ Frontier ကိုမျှဝေခဲ့သော ဂြိုဟ်တုဓာတ်ပုံများ၌ ပုံမှန်အားဖြင့် လေထုအရည်အသွေး အဆိုးဆုံးအချိန်ဖြစ်ပြီး မိုးရွာသွန်းမှုနည်းပါးသော ဇန်နဝါရီလမှ မေလအတွင်းတွင် မြန်မာနိုင်ငံ၌ မီးရှို့သည့်အစက်အပြောက်များစွာကို တွေ့ရှိရသည်။

“ဒါဟာ ခြောက်သွေ့တဲ့ ရာသီနဲ့ပတ်သက်နေပြီး သီးနှံရိုးပြတ်တွေ မီးရှို့နေတာတွေကို တွေ့ရတာလည်းဖြစ်နိုင်တယ်”ဟု AQY က ပြောကြားသည်။

This chart shows the correlation between active fires and air quality. (Supplied | Air Quality Yangon)

This chart shows the correlation between active fires and air quality. (Supplied | Air Quality Yangon)

လေထုအရည်အသွေးသည် ထုံးစံအားဖြင့် မိုးရာသီဖြစ်သော ဇွန်မှ အောက်တိုဘာလအတွင်း၌ တိုးတက်ကောင်းမွန်လာလေ့ရှိသည်ဟု AQY ကပြောသည်။

ဒီဇင်ဘာမှ မတ်လအထိ ရိတ်သိမ်းရာသီပြီးဆုံးပြီး နောက်လများတွင် လယ်သမားများက သီးနှံရိုးပြတ်များကို မီးရှို့လေ့ရှိသည်။

ယင်းအချိန်သည် တောင်ပေါ်ဒေသ တိုင်းရင်းသားပြည်နယ်များတွင်လည်း တောင်ယာရွှေ့ပြောင်းစိုက်ပျိုးခြင်းအတွက် မြေယာများကိုရှင်းလင်းရန် မီးရှို့ကြသည့် အချိန်လည်းဖြစ်သည်။

စိုက်ပျိုးမွေးမြူရေး အကြံပေးပညာရှင်ဖြစ်သော ဒေါက်တာဥမ္မာခိုင်က လယ်သမားများက သီးနှံရိတ်သိမ်းပြီး နောက်စိုက်ပျိုးရာသီမတိုင်ခင် ပေါင်းမြက်ရှင်းရန် ရိုးပြတ်များကို မီးရှို့ခြင်းကြောင့်၎င်း၊ မြေဆီလွှာနှင့် သီးနှံပင်အကြွင်းအကျန်များမှ ပိုးမွှားများကို နှိမ်နှင်းရန်၎င်း၊ မြေဆီလွှာကို ပြန်လည်အားဖြည့်ပေးရန်၎င်း စသည့်အကြောင်းရင်းသုံးရပ်ကြောင့် မီးရှို့ကြကြောင်းပြောပြသည်။

“မြန်မာနိုင်ငံမှာ မီးရှို့ခြင်းတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ တောင်ပေါ်ဒေသတွေမှာဖြစ်တယ်” ဟု သူက Frontier ကိုပြောသည်။

စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အကြံပေးသူများ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါက်တာ တင်ထွဋ်ဦး က လေ့လာချက်တစုံတရာ မရှိသေးသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများမှ မီးရှို့ခြင်းများသည် ရန်ကုန်တွင် လေထုအရည်အသွေးကျဆင်းခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်ဟု အခိုင်အမာမပြောနိုင်ကြောင်းဆိုသည်။

Frontier က ယခုလတွင်သိရှိခဲ့သော ရန်ကုန်တိုင်း ဒလမြို့နယ်မှ မီးလောင်ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာ လယ်သမားများ သီးနှံများရိတ်သိမ်းပြီး၍ မီးရှို့သည့်အချိန်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း သို့သော် မုတ်သုံရာသီ သီးနှံများစိုက်ပျိုးရန် ပြင်ဆင်၍ ကောက်ရိုးနှင့် အပင်အကြွင်းအကျန်ကဲ့သို့ အမှိုက်များမီးရှို့ခြင်းဖြစ်နိုင်ကြောင်း သူကပြောကြားသည်။

ဦးတင်ထွဋ်ဦးက လေထုအရည်အသွေးကျဆင်းရခြင်း၏ သတိမမူမိသော အကြောင်းတစ်ရပ်အဖြစ် ရန်ကုန် ဆင်ခြေဖုံးဒေသများနှင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းစသည့် ဒေသများတွင် တွေ့နေရသော သစ်ရွက်ခြောက်နှင့် အမှိုက်များ မီးရှို့နေခြင်းများကို ထောက်ပြခဲ့သည်။

မြေဆီလွှာ အရည်အသွေးကောင်းမွန်အောင် လုပ်ဆောင်ရာတွင် စိုက်ပျိုးရေးများ၌ မီးရှို့ခြင်းနည်းလမ်းများအပြင် မြက်များဖုံးလွှမ်းသော စားကျက်မြေကို မြေဆီလွှာအဖြစ် အသုံးချစိုက်ပျိုးခြင်းနည်း အပါအဝင် အော်ဂဲနစ်မြေသြဇာ အသုံးပြုခြင်း၊ သီးနှံစွန့်ပစ်ပစ္စည်းများ အသုံးပြု၍ ထုတ်ကုန်များပြုလုပ်ခြင်း စသည့်နည်းလမ်းများကိုလည်း လုပ်ဆောင်နိုင်ကြောင်း ဒေါက်တာ ဥမ္မာခိုင်ကပြောသည်။

အခြားတိုင်းပြည်များတွင် သီးနှံစွန့်ပစ်ပစ္စည်းများကို စွမ်းအင်ထုတ်ရာ၌သုံးသည့်လောင်စာခဲများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့် ထုတ်ပိုးပစ္စည်းများ ထုတ်လုပ်ခြင်းဖြင့် ပြောင်းလဲအသုံးပြုနေကြကြောင်း သူကပြောသည်။

သို့သော်ငြားလည်း မီးရှို့ခြင်းများကို လျှော့ချနိုင်ရေးအတွက် စိုက်ပျိုးရေးနည်းလမ်းများကို ပြုပြင်ပြောင်းလဲခြင်းတွင် နည်းပညာနှင့် အသိပညာနည်းပါးမှုတို့က အဓိကအတားအဆီးဖြစ်နေကြောင်းဆိုသည်။

မီးရှို့ခြင်းအစား အခြားနည်းလမ်းများကို ပြောင်းလဲအသုံးပြုရန် လယ်သမားများက အဆင်သင့်ရှိနေပြီလားဟု မေးမြန်းရာ လယ်သမားများက ပိုးမွှားများ နှိမ်နှင်းကာကွယ်နိုင်ရေးကဲ့သို့ အခြားပြဿနာများကို အာရုံစိုက်နေကြကြောင်း ဒေါ်ဥမ္မာခိုင်က ပြောသည်။ သို့သော် ကျွမ်းကျင်ပညာရှင်များကမူ တောင်ယာများ မီးရှို့ခြင်း၏ဆိုးကျိုးများကို ပိုမိုသိရှိလာကြပြီဖြစ်ကြောင်း ဆိုသည်။

“ငါးနှစ်လောက်အချိန်တွင်းမှာတော့ ဖြစ်နိုင်လာမှာပါ။ တောင်ယာမီးရှို့တဲ့ဓလေ့တွေရဲ့ ဆိုးကျိုးတွေကို လယ်သမားတွေလည်း သိလာကြပါလိမ့်မယ်” ဟု သူကဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မေလ ၉ ရက်က ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၌ မှိုင်းမှိုင်းမှုန်ဝေနေသည့် နေဝင်ဆည်းဆာကို တွေ့ရစဉ်။ ဓာတ်ပုံ – ခွန်လတ်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.