ကာလုံ ခေါ်ခြင်း မခေါ်ခြင်း

အစိုးရရဲ့ကာလုံအစည်းအဝေးခေါ်ဖို့ တုန့်ဆိုင်းနေတာက တပ်မတော်နဲ့ အတိုက်အခံပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီတို့ကို မျက်မာန်ရှစေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။
အခုရက်ပိုင်း ပြည်တွင်း နိုင်ငံရေးအသိုင်းအဝိုင်းတင်မက ပြည်သူလူထုကြားမှာပါ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ကိစ္စကတော့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီဘက်ကနေ ကာလုံလို့ အတိုကောက်ခေါ်နေကြတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ပေးဖို့ တောင်းဆိုတဲ့သတင်းတွေပဲ ဖြစ်ပါတယ်။
ဒီကိစ္စ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီးချိန်နဲ့ အချိန်တချို့မှာ လွှတ်တော်အသိုင်းအဝိုင်းအတွင်း ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကာလုံအစည်းအဝေး ခေါ်ခြင်း မခေါ်ခြင်းဟာ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်ပဲ ဖြစ်တဲ့အတွက် လွှတ်တော်ဘက်ကနေ တောင်းဆိုတာမျိုး တိုက်တွန်းတာမျိုး လုပ်ဖို့မလိုဘူးဆိုတဲ့ အကြောင်းပြန်ကြားချက်နဲ့ အဲဒီပြဿနာ လွှတ်တော်ရဲ့တရားဝင် အစည်းအဝေးတွေအတွင်းကိုတော့ ရောက်မလာခဲ့ပါဘူး။
ဒါပေမဲ့ အခုနောက်ပိုင်း တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ၊ ပြည်ခိုင်ဖြိုးပါတီကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုတောင်းဆိုမှုတွေ ရှိလာတဲ့အပြင် ကာလုံရဲ့လုပ်ပိုင်ခွင့် တိုးချဲ့ဖို့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်း တင်သွင်းသည်အထိ ရှိလာနေတာကြောင့် ဒီပြဿနာ စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။
ကာလုံခေါ်ပေးဖို့ ဘယ်သူတွေက ဘယ်လိုတောင်းဆိုနေကြသလဲ၊ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ကာလုံအဖွဲ့နဲ့ပတ်သက်ပြီး ဘာတွေပြဋ္ဌာန်းထားသလဲ၊ လက်ရှိ အင်န်အယ်လ်ဒီအစိုးရက ကာလုံအစည်းအဝေး ဘာကြောင့်မခေါ်ဘဲနေတာလဲ၊ ကာလုံခေါ်ခြင်း မခေါ်ခြင်းနောက်ကွယ်မှာ ဘာပြဿနာတွေ ရှိနေနိုင်သလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက် နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ကာလုံအစည်းအဝေး ခေါ်သင့်ကြောင်း ခုလို ပြောခဲ့ပါတယ်။ သူက “ ကျွန်တော်တို့ အခြေခံဥပဒေမှာ ဖော်ပြထားပြီးသား၊ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ၊ သူတို့က ကာလုံခေါ်တဲ့အဖွဲ့အစည်းကို စစ်ဖြစ်တော့မှ လုပ်မှာလား၊ အကြောင်းအရာ တစ်ခုခု ဖြစ်ပေါ်မှ လုပ်မှာလား၊ မဟုတ်ဘူးဗျ၊ အမြဲတမ်းသုံးသပ်နေရမယ်။” “ Security နဲ့ပတ်သက်ပြီး Top-down သွားရမှာ၊ ဗြဲလရမ်း လုပ်ချင်သလို လုပ်လို့မရဘူး။ အခု လုံခြုံရေးအခြေအနေတွေ ဖြစ်ပေါ်လာပြီ၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အခြေအနေတွေ ဖြစ်နေပြီ၊ အခု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ပြောင်းလဲလိုတဲ့ အခြေအနေ ဖြစ်ပေါ်နေတယ်။ အားလုံးက ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ အကုန်သွားရမှာ”လို့ ဆိုပါတယ်။
အရင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် နိုင်ငံခြားရေး ဒုဝန်ကြီး တာဝန်ယူခဲ့သူလည်းဖြစ်၊ လက်ရှိ ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော်အမတ်တစ်ယောက်လည်း ဖြစ်နေတဲ့ ဦးမောင်မြင့်ကတော့ “ ဒီလိုအချိန်မှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ သူတို့ဟာ ပညာတော့ တတ်ကြပါလိမ့်မယ်။ ဒါပေမဲ့ စစ်ရေးအမြင် နိုင်ငံရေးအမြင်ရှိတဲ့ ဒီခေါင်းကြီးကြီးနဲ့ ၁၁ ယောက်ပေါင်းပြီး တိုင်းပြည်အတွက် ကာကွယ်ရေးအတွက် လုံခြုံရေးအတွက် အကျိုးရှိရာရှိကြောင်းကိစ္စတွေကို ဘာကြောင့်မလုပ်ချင်တာလဲ”လို့ဆိုပါတယ်။ ဒီစကားကို အောက်တိုဘာ ၁ ရက်ည ဝါရှင်တန်အခြေစိုက် Voice of America ဗီအိုအေရေဒီယို တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ပြောခဲ့တာပါ။
သူက ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ သမ္မတက တိုက်ရိုက်မလုပ်နိုင်တဲ့၊ ကာလုံကသာလျှင် ပြဋ္ဌာန်းနိုင်တာတွေရှိတယ်။ အဲဒါ “ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ”ဆိုတဲ့အခန်း ၁၁ မှာ ပါတယ်လို့ဆိုပါတယ်။ ဦးမောင်မြင့်က “နိုင်ငံတော်တဝှမ်းမှာပေါ့ဗျာ၊ အရှေ့ရော၊ အနောက်ရော၊ တောင်ရော၊ မြောက်ရော အကုန်လုံးပတ်လည်မှာ မတည်မငြိမ်တွေ ဖြစ်လာတယ်။ အဲတော့ ဒီဟာတွေက တကယ်တမ်းပြောလို့ရှိရင် Geo Politic အရ ကျွန်တော်တို့ကို သူတို့က အကုန်လုံးဝိုင်းပြီးတော့ ကျွန်တော်တို့က ဆုံချက်ကျနေတယ်ပေါ့ဗျာ”လို့ဆိုပါတယ်။
ဦးမောင်မြင့်ရဲ့ပြောပြချက်အရ အရင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်က ကာလုံအစည်းအဝေး ပုံမှန်ကျင်းပကြောင်း၊ ဖွဲ့စည်းပုံပါ ၁၁ ယောက်တင်မက တခါတရံ သူ (နိုင်ငံခြားရေး ဒုဝန်ကြီး)၊ ပြန်ကြားရေးဝန်ကြီး၊ ရဲချုပ် စတဲ့သူတွေပါ တက်ကြကြောင်း၊ ကာကွယ်ရေး လုံခြုံရေးကိစ္စတင်မက စီးပွားရေးဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးကြောင်း၊ မဲခွဲပြီး ဆုံးဖြတ်တာမျိုးမရှိခဲ့ကြောင်း အဲဒီအစီအစဉ်မှာ ပြောခဲ့ပါတယ်။
တကယ်တော့ အရင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရအဖွဲ့ ကာလုံဆိုတာဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေ ပေါင်းပြီးဖွဲ့ထားတဲ့ အဖွဲ့အစည်းလို့ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။ အဲလိုအခြေအနေအောက်မှာ တပ်မတော်ကို တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကြား နားလည်မှုယူ၊ အစည်းအဝေးတွေကျင်းပပြီး တိုင်းပြည်အုပ်ချုပ်ရေး စီမံခန့်ခွဲရေးတွေ လုပ်ခဲ့ကြပုံရပါတယ်။ ဒါပေမဲ့ အင်န်အယ်လ်ဒီအစိုးရတက်လာတော့ ကာလုံအစည်းအဝေး တစ်ကြိမ်မှ ကျင်းပတာမတွေ့ရပါဘူး။
ကာလုံ မခေါ်ပေမဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခပြဿနာနဲ့ တခြားပြဿနာတွေ ပေါ်လာတဲ့အခါ ကာလုံမှာပါတဲ့သူတွေအပြင် တခြား ပြည်ထောင်စုအဆင့်တွေပါဝင်တဲ့ “ အထူးအစည်းအဝေး” “ ပြည်တွင်း လုံခြုံရေးဆိုင်ရာနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး”စတဲ့နာမည်တွေနဲ့ ကျင်းပခဲ့ပါတယ်။ ကာလုံလို့ နာမည်တပ်ထားတဲ့အစည်းအဝေး ဘာကြောင့်မကျင်းပရသလဲ ရှင်းပြတာမျိုးတော့မရှိပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၁ မှာ “ ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေ တစ်ရပ်ရပ်အရသော်လည်းကောင်း ပေးအပ်လာသည့်တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်။” ဆိုတာလောက်ပဲ ဖော်ပြထားပါတယ်။
ကာလုံထဲမှာ သမ္မတနဲ့ ဒုသမ္မတ ၂ ယောက်၊ လွှတ်တော် ဥက္ကဋ္ဌ ၂ ယောက်၊ တပ်ချုပ်နဲ့ ဒုတပ်ချုပ်၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ၄ ယောက်၊ စုစုပေါင်း ၁၁ ယောက် ပါဝင်ပါတယ်။ လက်ရှိကာလုံမှာဆိုရင် အရပ်သား ၅ ယောက်၊ စစ်ဗိုလ်ချုပ် ၅ ယောက်နဲ့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ပါဝင်နေတာ တွေ့ရပါတယ်။
ဒါပေမဲ့လည်း ဖွဲ့စည်းပုံထဲမှာ ကာလုံ အစည်းအဝေးတွေ ဘယ်လိုခေါ်ယူကျင်းပရမယ်၊ အစည်းအဝေး ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်ရမယ် ဆိုတာမျိုးတော့ တိတိကျကျ ပြဋ္ဌာန်းထားတာ မရှိပါဘူး။ ဒါကြောင့် အင်န်အယ်လ်ဒီက ကာလုံ အစည်းအဝေးမခေါ်တာ ဖွဲ့စည်းပုံနဲ့ဆန့်ကျင်နေတာမျိုး မရှိဘူးလို့တော့ မှတ်ယူနိုင်ပါတယ်။
ဖွဲ့စည်းပုံထဲမှာ ကာလုံနဲ့ပတ်သက်ပြီး သမ္မတအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုရင် ကာလုံရဲ့ထောက်ခံချက် ယူရမယ်၊ ကာလုံရဲ့ အဆိုပြု ထောက်ခံချက်ရရှိသူကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် သမ္မတက ခန့်အပ်တာဝန်ပေးရမယ်ဆိုတာမျိုး ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်မျိုးလောက်ကိုတော့ အင်န်အယ်လ်ဒီက အထူးစိုးရိမ်ပူပန်စရာ မရှိနိုင်ပါဘူး။ အင်န်အယ်လ်ဒီက တကယ်စိုးရိမ်ပူပန်တာ ဦးမောင်မြင့်ပြောတဲ့ ဖွဲ့စည်းပုံ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များပါ ပုဒ်မတွေပဲ ဖြစ်နိုင်ပါတယ်။
ဖွဲ့စည်းပုံ ပုဒ်မ ၄၁၇ မှာ ခုလိုပြဋ္ဌာန်းထားပါတယ်။ “နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန်ဆောင်ရွက်ခြင်း၊ သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စု ပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့်၊ သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင်၊ သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းတွေ့ရှိလျှင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းပြီး ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။
ယင်းအမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေသည် နိုင်ငံတဝန်းလုံးဖြစ်ကြောင်းနှင့် အချိန်ကာလ သတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ်အထိ ဖြစ်ကြောင်းဖော်ပြရမည်။” လို့ ဆိုထားပါတယ်။ ပုဒ်မ ၄၁၈ မှာတော့ အဲလို အရေးပေါ်အခြေအနေ ကြေညာရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတွေ လွဲှအပ်ကြောင်း ကြေညာရမယ်လို့ ဖော်ပြထားပါတယ်။
တကယ်တော့ အင်န်အယ်လ်ဒီသမ္မတ တစ်ယောက်အနေနဲ့ အဲဒီလိုမျိုး လုပ်မှာမဟုတ်ပေမဲ့ တကယ်လို့ ကာလုံအစည်းအဝေး ခေါ်ဖြစ်ခဲ့ရင် အဖွဲ့ဝင်တွေဖြစ်တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအဝင် စစ်ဗိုလ်ချုပ် ၅ ယောက်နဲ့ ဒုသမ္မတ ဖြစ်နေတဲ့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက် ပေါင်း ၆ ယောက်ဘက်က လက်ရှိပြဿနာတွေကို ထောက်ပြပြီး အရေးပေါ်အခြေအနေ ကြေညာပေးဖို့ တောင်းဆိုတာမျိုး၊ ဖိအားပေးတာမျိုးတော့ ကြုံကောင်း ကြုံရနိုင်ပါတယ်။
အခု တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ထွန်းထွန်းညီ ပြောတဲ့စကားတွေနဲ့ ပြည်ခိုင်ဖြိုးပါတီအမတ် ဦးမောင်မြင့် ပြောစကားတွေကို ဆန်းစစ်ကြည့်ရင် အဲလို အခြေအနေမျိုး ရောက်ကောင်း ရောက်သွားနိုင်တယ် ဆိုတာ သတိပြုမိနိုင်ပါတယ်။ ဒါကြောင့် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးဘက်က ကာလုံအစည်းအဝေးခေါ်ပေးဖို့ တောင်းဆိုတာဟာ တိုင်းပြည်မှာ စည်းလုံးညီညွတ်မှု ပြိုကွဲနေပြီ၊ အန္တရာယ်တွေ ဝိုင်းနေပြီ၊ ဒါကြောင့် သမ္မတကနေ အရေးပေါ် အခြေအနေကြေညာပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာ ၃ ရပ် အပ်နှင်းပေးပါဆိုတာမျိုး တောင်းဆိုဖို့ဆိုတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
တကယ်လို့သာ အရေးပေါ်အခြေအနေ ကြေညာတာဟာ လွှတ်တော်သက်တမ်း အစလောက်ဆို သိပ်ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ လွှတ်တော်သက်တမ်းကုန်ခါနီး တစ်နှစ်ခွဲကနေ ရွေးကောက်ပွဲမလုပ်ခင် အချိန်ထိဆို ပိုပြီးစိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်။ နိုင်ငံ့အရေးပေါ်အခြေအနေ ကြေညာတာဟာ ပထမဦးဆုံးအချိန် တစ်နှစ်အတွက်ဖြစ်ပြီး နောက်ထပ် ၆ လနှစ်ကြိမ် သက်တမ်းတိုးနိုင်တာမို့ ဖွဲ့စည်းပုံက ခွင့်ပြုတဲ့အချိန်ဟာ စုစုပေါင်း ၂ နှစ် ဖြစ်ပါတယ်။
အဲဒီကာလမှာ မတော်တဆ လွှတ်တော်သက်တမ်းကုန်သွားရင်၊ သမ္မတနဲ့ ဒုသမ္မတတွေ သက်တမ်း ကုန်သွားရင်၊ ကာလုံဟာ တိုင်းပြည်ရဲ့ဆုံးဖြတ်ချက်အဝဝ ချရာ အာဏာအပိုင်ဆုံး အဖွဲ့အစည်းအနေနဲ့ အခရာဖြစ်လာပါလိမ့်မယ်။ အချုပ်အခြာအာဏာ ၃ ရပ်စလုံး လက်ဝယ်ရပြီး နောက်ဆုံး ကိုယ်တိုင် ရွေးကောက်ပွဲကော်မရှင်ဖွဲ့၊ ရွေးကောက်ပွဲတွေလုပ်ပေး၊ အဲဒီကမှတဆင့် လွှတ်တော်သစ်၊ သမ္မတသစ်၊ အစိုးရအဖွဲ့သစ်တွေ ပေါ်ထွက်လာတဲ့အထိ တာဝန်ထမ်းဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။
တကယ်တော့ အဲလိုအခြေအနေမျိုးဟာ အင်န်အယ်လ်ဒီအတွက် အစိုးရိမ်ရဆုံး အခြေအနေဖြစ်နိုင်ပြီး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲကနေပဲ အရင် ၂၀၁၁ ခုနှစ်မတိုင်ခင် စစ်အစိုးရအုပ်ချုပ်တဲ့ အခြေအနေဟောင်းပုံစံမျိုး ပြန်ရောက်သွားစေနိုင်လို့ဖြစ်ပါတယ်။
ဒါတွေကို ချင့်တွက်ကြည့်ရင် လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကိုကြည့်ရင် ၂၀၂၀ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပပြီးသွားတဲ့အချိန်မရောက်မီ ကြားကာလဟာ စိုးရိမ်စရာ အကောင်းဆုံးအချိန်လို့ မှန်းဆနိုင်ပါတယ်။ မြန်မာ့ဒီမိုကရေစီလမ်းကြောင်း နောက်ပြန်ဆုတ်သွားမလား၊ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်ကျင်းပပြီး ဒီမိုကရေစီနည်းအရ ကျော်ဖြတ်သွားနိုင်မလားဆိုတာကို အဆုံးအဖြတ်ပေးမယ့် အရေးကြီးတဲ့ကာလ ဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.