ကာတွန်းဆရာများနှင့် သရော်စာရေးခြင်းဆိုင်ရာ လွတ်လပ်ခွင့်၊ ရုပ်ပုံများဖြင့် သရော်ခြင်း၏ အစွမ်းတန်ခိုး

အမျိုးသားသဘာဝရေဘေးနှင့် ပတ်သက်ပြီး ဖေ့စ်ဘွတ်ပေါ်၌ ပျံ့နှံ့နေသော ကာတွန်းတစ်ခုတွင် ပြည်ခိုင်ဖြိုးပါတီမှ အဖွဲ့ဝင်နှစ်ယောက်၏ ရုပ်ပုံကို ပြသထားသည်။ ၎င်းတို့ထဲမှ တစ်ဦးသည် သမ္မတဦးသိန်းစိန်  နှင့် အတော်ဆင်ပြီး ခါးလယ်ခန့်ရှိ ရေထဲတွင် ရပ်နေသော ပြည်သူများကို လှေပေါ်မှနေ၍ ကုန်စည်များကို ဖြန့်ဝေနေသည်။

အိုလီဗာ ဆလိုး ရေးသားသည်။

ကာတွန်းဆရာများက ရေဘေးသင့် ပြည်သူများအတွက် အလှူ ကောက်ခံပွဲ ဦးစီးကျင်းပခဲ့သည်။ ဓာတ်ပုံ – အန်းဝမ်

အမျိုးသားသဘာဝရေဘေးနှင့် ပတ်သက်ပြီး ဖေ့စ်ဘွတ်ပေါ်၌ ပျံ့နှံ့နေသော ကာတွန်းတစ်ခုတွင် ပြည်ခိုင်ဖြိုးပါတီမှ အဖွဲ့ဝင်နှစ်ယောက်၏ ရုပ်ပုံကို ပြသထားသည်။ ၎င်းတို့ထဲမှ တစ်ဦးသည် သမ္မတဦးသိန်းစိန်နှင့် အတော်ဆင်ပြီး ခါးလယ်ခန့်ရှိ ရေထဲတွင် ရပ်နေသော ပြည်သူများကို လှေပေါ်မှနေ၍ ကုန်စည်များကို ဖြန့်ဝေနေသည်။

နောက်တစ်ယောက်သည် ပြည်ခိုင်ဖြိုးပါတီတံဆိပ်ပါသော တီရှပ်များကို ဖြန့်ဝေနေပြီး အခြားတစ်ယောက်သည် မျက်မှန်ဝတ်ဆင်ထားကာ မဲပုံးဘေးတွင် ထိုင်၍ ပြည်ခိုင်ဖြိုးပါတီတံဆိပ်ပါ မဲလက်မှတ်များ ဖြန့်ဝေနေပုံကို ပြသထားသည်။

ဖေ့စ်ဘွတ်ပေါ်တွင် ပျံ့နှံ့နေသော အခြားကာတွန်းတစ်ခုတွင်မူ ခါးလယ်ခန့်ရှိသော ရေထဲတွင် ရပ်နေသည့် မိသားစုဝင် သုံးဦး၏ ပုံကို ပြသထားပြီး စာတန်းကို အင်္ဂလိပ်ဘာသာဖြင့် ထိုးထားသည်။ ၎င်းတို့သည် အစိုးရ အရာရှိတစ်ဦးကို ၎င်းတို့၏ ဆုံးရှုံးမှုများကို တိုင်တန်းနေသည်။

အဖေဖြစ်သူက သူ၏ နေအိမ် ဆုံးရှုံးသွားကြောင်းပြောသည်။ အမေဖြစ်သူက သူ့ နွားကို ဆုံးရှုံးသွားကြောင်း ပြောသည်။ သားဖြစ်သူက သူ၏ ကျောင်းစာအုပ်များ ဆုံးရှုံးသွားကြောင်း ပြောသည်။ ထိုအခါ အစိုးရအရာရှိက “စိတ်မပူကြပါနဲ့။ ကျုပ်လည်း ကျုပ်ရဲ့ အမျိုးသား သဘာဝကပ်ဘေး စီမံခန့်ခွဲရေးအစီအစဉ် စာရွက်တွေ ပျောက်ဆုံးသွားပါတယ်” ဟု ပြောဆိုပုံကို ကာတွန်းဆွဲထားသည်။

မြန်မာနိုင်ငံတွင် ကာတွန်းသည် အရေးကိစ္စရပ် တစ်ခုကို ပေါ့ပါးသွားအောင် လုပ်ဆောင်ရန်နှင့် နိုင်ငံ့ခေါင်းဆောင်များကို လှောင်ပြောင်သရော်ရန် လူကြိုက်များသော နည်းလမ်းတစ်ခု ဖြစ်သည်။ ကိုလိုနီခေတ်တွင်လည်း ဗြိတိသျှအစိုးရအဖွဲ့ဝင်များကို လှောင်ပြောင်သရော်ရန် ကာတွန်းများကို အသုံးပြုခဲ့ကြသည်။

ဆိုရှယ်လစ်ခေတ်နှင့် စစ်အာဏာရှင်ခေတ်များတွင် ကြိုတင်ဆင်ဆာဖြတ်တောက်မှုများက သတင်းစာများတွင် အစိုးရကို လှောင်ပြောင်သရော်သော ကာတွန်းများ မပါနိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် နိုင်ငံပိုင် သတင်းစာများတွင်တော့ ကာတွန်းများ ဖော်ပြပါသည်။ ၎င်းတို့မှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အပေါ် ရိုင်းစိုင်းစွာ ဖော်ပြသောကာတွန်းများ ဖြစ်ကြသည်။

၂၀၁၁ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေးများ စတင်လာကတည်းက ကာတွန်းများသည် မီဒီယာလက်နက်တစ်ခုအဖြစ် ထိရောက်လာခဲ့သည်။ ယခုဆောင်းပါး၏ အစပိုင်းတွင် ဖော်ပြခဲ့သော ဥပမာနှစ်ခုသည် အမျိုးသား သဘာဝကပ်ဘေးကို လူအများက အာရုံစိုက်လာစေရန်၊ အစိုးရ၏ အစဦးတုံ့ပြန်မှုများနှင့် သဘာဝ ကပ်ဘေး စီမံခန့်ခွဲမှု ပြင်ဆင်ရေး အရေးယူဆောင်ရွက်မှုများကို လှောင်ပြောင်သရော်ရန် ကာတွန်းကို မည်ကဲ့သို့အသုံးချခဲ့ပုံကို ဖော်ပြထားသည်။

“မြန်မာနိုင်ငံက ပြည်သူတွေက နိုင်ငံရေးကာတွန်းတွေကို နှစ်သက်ကြတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ နှစ်ပေါင်းများစွာကြာအောင် ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးရအောက်မှာ နေခဲ့ရလို့ပဲ။ ဒီတော့ အခုလူတွေက အစိုးရကို လှောင်ပြောင်တဲ့ ကာတွန်းတွေကို အရသာတွေ့နေကြပြီ” ဟု ကာတွန်းဆရာ ကိုဝေယံ(တောင်ကြီး) က ပြောပြသည်။ သူသည် ရေဘေးကိစ္စရပ်များ၊ လက်ပံတန်းကျောင်းသားများကို နှိမ်နင်းမှုနှင့် အခြားအငြင်းပွားဖွယ် ကိစ္စရပ်များကို ကာတွန်းများဖြင့် ဖော်ပြခဲ့သည်။

“ဒါက ကျွန်တော်တို့ ကလေးဘဝကတည်းက စတာပါ။ ကျွန်တော်တို့ဟာ ကလေးဘဝမှာ ကာတွန်းတွေ ဖတ်တာ၊ ကာတွန်းပုံတွေ ရေးဆွဲတာနဲ့ အချိန်တွေ အများအပြား ဖြုန်းခဲ့ကြပါတယ်။ ဒီအကျင့်က ကျွန်တော်တို့ လူကြီးဘဝအထိ ပါလာတာပါ”

ကိုဝေယံသည် သူ၏ အသက်မွေးအလုပ်ကို ရုပ်ပြကာတွန်းစာအုပ်များ ရေးသားထုတ်ဝေသော ကာတွန်းဆရာ တစ်ယောက်အဖြစ် စတင်ခဲ့သည်။ သို့သော် ထိုအလုပ်သည် ဝင်ငွေအနည်းငယ်မျှသာ ရရှိသည်။ ပုဂ္ဂလိက စာစောင်များ ဆင်ဆာဖြတ်တောက်ခြင်းကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ဖျက်သိမ်းလိုက်သောအခါ ကိုဝေယံ သည် သတင်းစာနှင့် မဂ္ဂဇင်းများအတွက် ကာတွန်းများ ရေးဆွဲပေးသည့် အလုပ်ကို စတင်ခဲ့သည်။

ရန်ကုန်မြို့ စတူဒီယို၌ ကာတွန်း ဝေယံကို တွေ့ရစဉ်။ ဓာတ်ပုံ – အန်းဝမ်

ဇူလိုင်လ ၃၀ ရက်တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အစိုးရက တရားမဝင် တရုတ်သစ်ခိုးထုတ်သူများ အား လွှတ်ပေးလိုက်ရာ ကိုဝေယံက ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ကာတွန်းတစ်ပုဒ် ရေးဆွဲခဲ့သည်။ လွှတ်ပေးလိုက်သော တရုတ်လူမျိုး သစ်ခိုးထုတ်သူ ၁၅၅ ယောက်ထဲမှ အများစုသည် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ကျခံထားရသူများဖြစ်ပြီး ၈ ရက်အကြာတွင် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ကိုဝေယံ ရေးဆွဲသောကာတွန်းတွင် ကလေးတစ်ယောက်က သင်တန်းကျောင်းတစ်ခုသို့ သွားနေပြီး စာသားက “တရားဥပဒေရဲ့ အထက်မှာ ဘယ်သူရှိလဲ သိသွားပြီဆိုတော့ တရုတ်စာသင်တန်း မြန်မြန်သွားတက်ရမယ်” ဟု ရေးသားထားသည်။

“အစိုးရကို လှောင်ပြောင်သရော်တဲ့ ကာတွန်းတွေကို အာဏာပိုင်တွေဘက်က အနုတ်သဘောဆောင်တဲ့ တုန့်ပြန်မှုတွေ နည်းနည်းတော့ ရှိပါတယ်”ဟု ကိုဝေယံက ပြောပြသည်။

စစ်အစိုးရလက်ထက်ကမူ ယခုထက် ပိုမိုဆိုးရွားခဲ့သည်။ မြန်မာနိုင်ငံ၏ နာမည်အကြီးဆုံး ကာတွန်းဆရာများထဲမှ တစ်ဦးမှာ ဟန်လေး Harn Lay ဖြစ်သည်။ သူသည် စစ်တပ်ကို လှောင်ပြောင်သရော်ခြင်းဖြင့် ကျော်ကြားခဲ့ပြီး အထူးသဖြင့် စစ်တပ်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အဓိကထား လှောင်ပြောင်သရော်ခဲ့သည်။ ဟန်လေး ၏ ကာတွန်းရုပ်ပုံအများစုတွင် စစ်အာဏာရှင်ကို ပူပေါင်းပုံစံဖြင့် သရုပ်ဖော်လေ့ရှိပြီး မျက်လုံးများမှာမူ နိုင်ငံကို ထိခိုက်နစ်နာအောင် လုပ်ဆောင်မည့် ကောက်ကျစ်သော မျက်လုံးများကို ပေါ်လွင်အောင် ရေးဆွဲလေ့ရှိသည်။

          ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် စစ်တပ်က အာဏာသိမ်းပြီးသောအခါ ဟန်လေး သည် Sun Ray ဟူသော အမည်ဝှက်ဖြင့် ကာတွန်းများ စတင်ရေးဆွဲခဲ့သည်။ ဟန်လေး က ပြောကြားရာတွင် အစိုးရ၏ စုံထောက်များက Sun Ray ဟု ခေါ်ဆိုသော လူတစ်ယောက်ကို ရှာဖွေနေရာတွင် သူသည် ရွာငယ်လေး တစ်ရွာတွင် ပုန်းခိုနေကာ ကာတွန်းများ ဆက်ဆွဲနေခဲ့သည်ဟု ဆိုသည်။ ၂၀၀၂ ခုနှစ်တွင် သူ့ကို ရှာဖွေတွေ့ရှိ တော့မည်ဟု စိုးရိမ်သဖြင့် သူသည် ထိုင်းနိုင်ငံ ချင်းမိုင် မြို့သို့ ထွက်ပြေးတိမ်းရှောင်ကာ ဟန်လေး ဟူသော အမည်ဖြင့် ကာတွန်းများ ရေးဆွဲခဲ့သည်။

“ကာတွန်းဆရာတွေအတွက် အခုအချိန်မှာတော့ အခြေအနေတွေက ပိုမိုကောင်းမွန်လာပြီလို့ ဆိုရမှာပါ။ အစိုးရက ကာတွန်းဆရာတွေကို စောင့်ကြည့်ကောင်း စောင့်ကြည့်မယ်။ ဒါပေမဲ့ ဖမ်းမှာတော့ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ကာတွန်းဆရာတစ်ယောက်အနေနဲ့ဆိုရင် အကန့်အသတ် နည်းနည်းကျဉ်းကျဉ်းတော့ ရှိသေးတယ်။ အစိုးရကို ဆန့်ကျင်တဲ့ သတင်းစကားက အရမ်းပြင်းထန်သွားရင်တော့ ပြဿနာ ရှိနိုင်တယ်” ဟု ဟန်လေး က ပြောကြားသည်။

ဧကရာဇ် ဘုရင်ကြီး၏ အဝတ်အစားသစ် ဟုခေါ်ဆိုသော ပုံပြင်မြန်မာပြန်ကို ဟန်လေး က ထောက်ပြပြောဆို ခဲ့သည်။ ပုံပြင်ထဲတွင် ဘုရင်ကြီးက ဘာအဝတ်အစားမှ ဝတ်မထားသည်ကို နန်းတော်တွင်းမှ မှူးမတ်များက ကြောက်ရွံ့သဖြင့် မပြောရဲကြပေ။ သို့သော် ကလေးတစ်ယောက်ကမူ ဘုရင်ကြီးကိုယ်လုံးတီး ဖြစ်နေသည်ဟု ပြောရဲသောပုံပြင် ဖြစ်သည်။ ဟန်လေး က ပြောကြားရာတွင် ကာတွန်းများသည် သာမန်အားဖြင့် ဖော်ပြ ပြောဆို၍ မရနိုင်သော အကြောင်းအရာများကို ဖော်ပြပြောဆိုနိုင်စွမ်း ရှိကြသည်ဟု ဆိုသည်။

“ကာတွန်းက အမှန်ကို ထုတ်ဖော်ပြောဆိုရာမှာ ကလေးတစ်ယောက်လို ပြောဆိုလို့ ရပါတယ်။ အစိုးရက ဘယ်လိုပုံစံ ဖြစ်နေတယ်ဆိုတာ လူတွေအားလုံး သိကြပါတယ်။ ဒါပေမဲ့ သူတို့ ဒါကို ထုတ်ဖော်ပြောဆိုလို့ မရဘူး။ ပြောလည်း မပြောကြဘူး။ ဒါပေမဲ့ ကလေးတစ်ယောက်ကတော့ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ အမှန်ပြောနိုင်ပါတယ်။ ကာတွန်းကလည်း ဒီလိုပါပဲ”ဟု ဟန်လေး က ပြောပြသည်။

“ကာတွန်းက ဖန်တီးသူနဲ့ သူရဲ့ ပရိသတ်ကြားမှာ အတွေ့အကြုံတွေကို မျှဝေပေးနိုင်တယ်။ ဒါကြောင့်လည်း ရေဘေးအကျပ်အတည်း ဖြစ်ကတည်းက ကာတွန်းတွေ ရေပန်းစားလာခဲ့တာပါ”ဟု ဟန်လေး က ရန်ကုန်မြို့တွင် သြဂုတ်လ ၆ ရက်က ကာတွန်းဆရာများ ဦးစီးကျင်းပသော ရေဘေးသင့် ပြည်သူများအတွက် အလှူ ကောက်ခံပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရေဘေးအကြောင်း ရေးဆွဲထားသည့် ကာတွန်း ဝေယံ၏ ပုံများထဲမှ တစ်ပုံကို တွေ့ရစဉ်။ ဓာတ်ပုံ – အန်းဝမ်

“ကာတွန်းတွေက လူတွေ ခံစားနေရတဲ့ အရာတွေကို မျှဝေပေးနိုင်တယ်။ မြန်မာနိုင်ငံမှာ ပြည်သူတွေဟာ ရေဘေးသင့်သူတွေအတွက် စာနာမှုတွေ ခံစားနေရတယ်။ ဒါကြောင့် ဒီအကြောင်းတွေကို ဖော်ပြရာမှာ ကာတွန်းတွေက ရေပန်းစားလာခဲ့ရတယ်လို့ ထင်ပါတယ်” ဟု ဟန်လေး က ပြောကြားသည်။

နိုင်ငံတကာတွင် ဆိုလျှင်မူ ကာတွန်းများ၏ အခန်းကဏ္ဍကို ပဲရစ်မြို့ရှိ ချာလီ ဟက်ဘ်ဒို Charlie Hebdo မဂ္ဂဇင်း ဇန်နဝါရီလအတွင်းက အတိုက်ခိုက်ခံရအပြီး လူအများ စိတ်ဝင်စားလာခဲ့သည်။ထိုမဂ္ဂဇင်းသည် တမန်တော် မိုဟာမက်၏ ကယ်ရီကေချာရုပ်ပုံများ ရေးဆွဲကာ ပုံမှန်ထုတ်ဝေနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တမန်တော် မိုဟာမက်၏ ရုပ်ပုံ ရေးဆွဲခြင်းကို မွတ်စလင်အများစုက ရိုင်းပျစော်ကားသည်ဟု မှတ်ယူကြပြီး အစ္စလာမ် လူ့အဖွဲ့အစည်း အများစု တွင် တားမြစ်ထားသည်။ မဂ္ဂဇင်း၏ရုံးကို အစ္စလာမ် အစွန်းရောက်နှစ်ဦးက တိုက်ခိုက်သဖြင့် ၁၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့် နိုင်ငံတကာ၌ မီဒီယာတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စပ်လျဉ်း၍ အငြင်းအခုန်များ ဖြစ်ပေါ်စေခဲ့သည်။ မြန်မာနိုင်ငံတွင် ဘာသာရေးအကြောင်းအရာများကို ကာတွန်းအဖြစ် ရေးဆွဲခြင်းမှာ ကာတွန်းဆရာအများစုအတွက် ကန့်သတ်ချက်၏ အလွန်တွင် ရှိနေသည်။

“ဘာသာရေးနဲ့ နိုင်ငံရေးကို ရောထွေးလာတဲ့အခါမှာတော့ အရာရာဟာ ခက်ခဲကုန်ပါတယ်။ ဒါဟာ မကောင်းပါဘူး။ ကျွန်တော်က နိုင်ငံရေးအကြောင်း ကာတွန်းဆွဲရတာကိုပဲ စိတ်ဝင်စားပါတယ်။ ဘာသာရေးကို စိတ်မဝင်စားပါဘူး” ဟု ဟန်လေး က ပြောပြသည်။

နိုဝင်ဘာလ ၈ ရက်က ကျင်းပသည့် ရွေးကောက်ပွဲနှင့် နီးကပ်လာစဉ်တွင် မြန်မာသတင်းစာသမားများအသင်း ၏ ဒုဥက္ကဋ္ဌဖြစ်သော ဦးသီဟစောက မဲရရှိရေးနှင့် ပတ်သက်ပြီး ကာတွန်းများသည် အရေးပါသော အခန်းကဏ္ဍ မှ ပါဝင်နိုင်မည်ဟု ပြောကြားခဲ့သေးသည်။ သို့သော် ဘာသာရေးနှင့် ပတ်သက်ပြီး ကာတွန်းရေးဆွဲဖေါ်ပြမှုကိုမူ ကာတွန်းဆရာအများစုက ရှောင်ရှားကြမည် ဖြစ်သည်ဟု သူက ဆိုသည်။

“ဒါမျိုးတွေကို သိပ်မတွေ့ရပါဘူး။ သူတို့က သူတို့ ဆွဲလိုက်တဲ့ ကာတွန်းရဲ့ စွမ်းအားတွေကို သူတို့ သိနေတယ်။ သူတို့က ဒီကနေ့ မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာကို ဖော်ပြပြောဆိုရတာ ထိလွယ် ခိုက်လွယ်တယ်ဆိုတာ သိကြတယ်” ဟု ၎င်းက ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.