ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ဒေသခံကရင်တိုင်းရင်းသားများက တပ်မတော်ကကျူးလွန်သည်ဟုစွပ်စွဲထားသည့် ပြစ်မှုများအပေါ်ကန့်ကွက်ဆန္ဒပြပြီး ဒေသတွင်းမှ ထွက်ခွာပေးရန် ယမန်နှစ် ဇူလိုင်၂၈ရက်က တောင်းဆိုစဥ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ကရင်တောင်တန်းဒေသက ကျိုးပျက်သွားသော ငြိမ်းချမ်းရေး

နော်ဝေနှင့် အနောက်နိုင်ငံများ၏ပံ့ပိုးမှုနှင့်အတူ ငြိမ်းချမ်းရေးဖော်ဆောင်မည်ဟု ကနဦးတွင် ကတိကဝတ်ပြုသော်ခဲ့သော်လည်း တပ်မတော်သည် ယခင်ကအတိုင်း အရပ်သားသေဆုံးမှုများနောက်ကွယ်တွင် တာဝန်ရှိဆဲဖြစ်ပြီး ကျေးရွာများကို ဖျက်ဆီးလျက်ရှိသည်။

ချားလ်စ်ပီထရီနှင့် အက်ရှ်လေဆောက်သ် ရေးသားသည်။

၂၀၁၈ခန့်မှစ၍ ကရင်ပြည်နယ်မြောက်ပိုင်းနှင့် ပဲခူးအရှေ့ပိုင်းရှိ ဒေသအချို့တွင် မြန်မာတပ်မတော်သည် စစ်ရေးအင်အားပြည့်ဖြင့် ကင်းလှည့်မှုများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါဒေသများသည် ကရင်အမျိုးသားအစည်းအရုံးနှင့် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်လက်အောက်ရှိ တပ်မဟာ (၃)နှင့် တပ်မဟာ (၅)တို့ နှစ်ရှည်လများ ထိန်းချုပ်ရာဒေသလည်းဖြစ်သည်။

ယင်းစစ်ရေးလှုပ်ရှားမှု၏ အဓိက အကြောင်းအရင်းမှာ လမ်းဖောက်လုပ်ရေးအတွက်ဟု တပ်မတော်က ဆိုသည်။  သို့သော် ကေအင်န်ယူနှင့် ဒေသခံများက တပ်မတော်၏ နယ်မြေကျော်လွန်ဆောင်ရွက်ချက်နှင့် အင်အားတိုးချဲ့မှုတို့ကို မကြာခဏ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

လွန်ခဲ့သော ရက်သတ္တပတ်များတွင် ဒေသခံများက တပ်မတော်၏ ဒေသတွင်း စစ်အင်အားတိုးချဲ့မှုကို ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ တပ်မတော်စစ်ကြောင်းများကို ဒေသခံများက ပြင်ပကဝင်ရောက်လာသူများ၊ အမြတ်ထုတ်သူများ၊ ကြမ်းတမ်းရက်စက်သော  နယ်မြေကျူးကျော်သူများဟူ၍ သတ်မှတ်ကြပြီး ၎င်းတို့ကိုဆုတ်ခွာပေးရန် တောင်းဆိုနေကြသည်။

တပ်မတော်က လမ်းဖောက်ခြင်းသည် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်ဟုဆိုသော်လည်း ယင်းသို့ လမ်းဖောက်ခြင်းသည် ၂၀၁၅က အစိုးရ (တပ်မတော်)နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ လက်မှတ်ရေးထိုးခဲ့ကြသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (အင်န်စီအေ) အပိုဒ်(၅) ကို အတိအလင်းချိုးဖောက်ခြင်း ဖြစ်သည်ဟု ကေအင်န်ယူက ဆိုသည်။ အင်န်စီအေစာချုပ် အပိုဒ်(၅) အရ လက်မှတ်ရေးထိုးသူများ အားလုံးသည် ရန်လိုသောအသွင်ဆောင်သည့် တပ်အပြောင်းအရွှေ့နှင့် တပ်အင်အားအသစ် တိုးချဲ့ဖြည့်တင်းခြင်းတို့ကို ဆိုင်းငံ့ထားရမည်ဖြစ်သည်။

ထို့ပြင် ကရင်ပြည်နယ်အတွင်းက အဆိုပါတောင်တန်းဒေသများသည် အရပ်သားအစိုးရအုပ်ချုပ်မှု စနစ်အောက်တွင်မရှိဘဲ ကေအင်န်ယူနှင့် ၎င်း၏မိတ်ဖက် အရပ်ဘက်အဖွဲ့အစည်းများ၏ အထောက်အပံ့ဖြင့် ချို့ချို့တဲ့တဲ့လည်ပတ်နေသော ကျန်းမာရေး၊ ပညာရေးနှင့် အခြားဝန်ဆောင်မှုများကို မှီခိုအားထားနေရသည်။ သို့ဖြစ်ရာ တပ်မတော်သည် ယင်းဒေသများသို့ ဖွံ့ဖြိုးရေးဆောင်ကျဥ်းလာခြင်းမဟုတ်ဘဲ မူလတည်ရှိနေသည့် ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖယ်ရှားနေခြင်းသာဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အနေနှင့် စစ်ရေး တင်းမာမှုများကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခဲ့ခြင်းသည် ၂၀၁၈ နှောင်းပိုင်းတွင် JMC မှ ကေအင်န်ယူနှုတ်ထွက်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်ခဲ့သည်။ ထိုစဉ်က JMC ယန္တရားကို ပြန်လည်ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း ကေအင်န်ယူက ပြောကြားခဲ့သည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရန်  ကေအင်န်ယူက တပ်မတော်နှင့် နှစ်ဦးနှစ်ဘက် တိုက်ရိုက်တွေ့ဆုံ၍  တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းရန် ၂၀၁၉က ကြိုးပမ်းခဲ့ဖူးသည်။

ယမန်နှစ် အစောပိုင်းက နှစ်ဘက်တွေ့ဆုံပွဲများ ပြန်လည်စတင်ခဲ့ရာ ကေအင်န်ယူက အပစ်ရပ်ဒေသက အခြေအနေများကို တင်ပြခဲ့သော်လည်း စစ်ရေးတင်းမာမှုကို မဖြေရှင်းနိုင်ခဲ့ပေ။ ထို့ပြင် JMC ယန္တရားကို ပြုပြင်ပြောင်းလဲရေးအတွက် ကေအင်န်ယူ၏ တောင်းဆိုချက်ကိုလည်း တပ်မတော်ကငြင်းပယ်ခဲ့သည်။ ယင်းနောက် ကိုဗစ်-၁၉ ရောဂါကြောင့် နှစ်ဘက်တွေ့ဆုံညှိနှိုင်းမှုများ ရပ်တန့်ခဲ့ရသည်။ ၎င်းအချိန်ကစ၍ ကေအင်န်ယူနှင့် တပ်မတော်တို့သည် လွတ်လပ်သောပဋိပက္ခဖြေရှင်းရေးယန္တရားတစ်ခု ဖွဲ့စည်းရန် လိုအပ်ကြောင်း စဥ်းစားလာခဲ့ကြသည်။

လတ်တလောတပ်မတော်၏ထိုးစစ်ဆင်မှုများသည် ဒီဇင်ဘာလနှောင်းပိုင်းတွင်စတင်ခဲ့ပြီး ဒေသခံဦးရေ အနည်းဆုံး ၃,၉၀၀ဦးခန့် စစ်ဘေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသည်။ ၎င်းတို့အနက် ဇန်နဝါရီ၁၃ရက်က နေရပ်စွန့်ခွာခဲ့ရသော ပဲခူးတိုင်းအရှေ့ဘက်ရှိ ကျောက်ကြီးမြို့နယ်၊ ခဲဒါးကျေးရွာအုပ်စုက စစ်ဘေးရှောင် ၇၀၀ဦးလည်း ပါဝင်သည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးသည့် Free Burma Rangers အဖွဲ့က သတင်းရင်းမြစ်များ၏အဆိုအရ မြန်မာ့တပ်မတော်၏ ယခုထိုးစစ်အရှိန်မှာ ကေအင်န်ယူနှင့် နှစ်ဘက်အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၂၊ ဇန်နဝါရီကစကြည့်လျှင် ထူးခြားသည့် အခြေအနေဖြစ်သည်။ သို့သော်လည်း အဆိုပါထိုးစစ်များသည် ၂၀၁၂မတိုင်မီက ဆောင်းနှင့်နွေရာသီကာလများတွင် တပ်မတော်နှင့် ကေအင်န်ယူတို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် နှိုင်းယှဥ်လျှင်မူ ပုံမှန်သာဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ယခုလတ်တလော ကေအင်န်ယူထိန်းချုပ်ရာ လာဒိုးမြို့နယ်၊ ခဲဒါးဒေသရှိ တပ်မတော်၏ ထိုးစစ်ဆင်မှုနှင့် အရပ်သားများနေရပ်စွန့်ခွာရခြင်းတို့မှာ အလွန်ခါးသီးလှသော အမြီးအမောက်မတည့်သည့် ဖြစ်စဉ်တစ်ခုကို မီးမောင်းထိုးပြနေသည်။ အကြောင်းမှာ ကေအင်န်ယူ၏ တပ်မဟာ(၃)အုပ်ချုပ်မှုအောက်တွင်ရှိသည့် ခဲဒါးဒေသသည် နှစ်ဘက်အပစ်ရပ် သဘောတူညီချက်များကို ပံ့ပိုးရန် နော်ဝေအစိုးရ အကူအညီဖြင့် ရှေ့ပြေးစီမံချက်များ စတင်ခဲ့ရာ ဗဟိုချက်မနေရာ ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ ယင်းစီမံချက်သည် ၂၀၁၃တွင် နော်ဝေအစိုးရကိုယ်စားလှယ်များ မြန်မာပြည်သို့ တခမ်းတနား လာရောက်ဖွင့်လှစ်ပေးခဲ့သည့် လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်သည်။

ကျောက်ကြီးဒေသရှေ့ပြေးစီမံချက်ကို ရေးဆွဲရာတွင် ရပ်ရွာကိုယ်စားလှယ်များ၊ ကေအင်န်ယူ ဌာနချုပ်နှင့် ခရိုင်တာဝန်ရှိသူများ၊ ကရင်ပြည်တွင်းစစ်ဘေးရှောင်ကော်မတီတို့ ပါဝင်ခဲ့သည်။ ကရင်ပြည်တွင်းစစ်ဘေးရှောင်ကော်မတီသည် ကေအင်န်ယူ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်သည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

ယင်းစီမံချက်သည် မိမိမူလနေရပ်တွင်ပြန်လည်အခြေချလိုသော စစ်ဘေးရှောင်ကရင်ပြည်သူများအား ကူညီထောက်ပံ့ပေးရန်ဖြစ်သော်လည်း လုပ်ငန်း၏ အဓိကရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အကဲဖြတ်ရန်နှင့် ဆယ်စုနှစ်များစွာအတွင်း ပြည်တွင်းစစ်ဒဏ်ကို ခါးသီးစွာတွေ့ကြုံဖြတ်သန်းခဲ့ရသည့် အရပ်သားများအကြား အပစ်အခတ်ရပ်စဲမှုအပေါ် အယုံအကြည်ရှိလာစေရန်ဖြစ်သည်။

စီမံချက်တွင်ပါဝင်သည့် အကျိုးစီးပွားသက်ဆိုင်သူများက ၎င်းစီမံချက်ကိုသာ အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်ပါက အသစ်ပေါ်ပေါက်လာသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် တိုက်ပွဲများခဏတာရပ်ဆိုင်းခြင်းမျိုး မဟုတ်ဘဲ အဓိပ္ပာယ်ပြည့်ဝသည့် အရွေ့တစ်ခုဖြစ်ကြောင်း သက်သေပြနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။

ကျောက်ကြီးရှေ့ပြေးစီမံချက်ကို ယခုဆောင်းပါးရှင်နှစ်ဦး ဦးဆောင်ခဲ့သည့် မြန်မာ့ငြိမ်းချမ်းရေး အထောက်အကူပြုအစီအစဥ် (MPSI)အဖြစ် နော်ဝေအစိုးရ၏ သံတမန်ရေးရာချိတ်ဆက်မှုနှင့် ဘဏ္ဍာရန်ပုံငွေထောက်ပံ့မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ နှစ်ကုန်ပိုင်းက ၎င်းစတင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နိုင်ငံတကာအထောက်အပံ့ရရှိအောင် ဦးဆောင်ပေးရန် သမ္မတဦးသိန်းစိန်က နော်ဝေအစိုးရကို မေတ္တာရပ်ခံသည့်အတွက် MPSI အစီအစဉ်ကို ၂၀၁၂၊ မတ်တွင် စတင်အသက်သွင်းခဲ့ကြသည်။

MPSI တွင် တာဝန်ထမ်းဆောင်စဥ်ကာလအတွင်း စာရေးသူတို့အဖို့ အမှတ်ရထင်ကျန်ရစ်ခဲ့သည့် အဖြစ်အပျက်များအနက်မှတစ်ခုမှာ ဆိုင်ကယ်ဖြင့် ၅နာရီခန့်သွား၍ လမ်းခရီးကြမ်းကို ဖြတ်သန်းရသော အရှေ့ဘက်တောင်တန်းများတည်ရှိရာ မူသဲဒေသရှိ ရှေ့တန်းစစ်မျက်နှာပြင် ဖြစ်သည်။ ထိုနေရာသို့ စာရေးသူတို့သည် နေပြည်တော်နှင့် ကျောက်ကြီးရှိ အစိုးရနှင့် တပ်မတော်အရာရှိများနှင့်အတူ သွားရောက်ခဲ့သည်။

မူသဲသို့ ရောက်သောအခါ စာရေးသူတို့သည် အသင့်စောင့်ကြိုနေသော ကေအင်န်ယူတာဝန်ရှိသူများနှင့်အတူ ၎င်းတို့ထိန်းချုပ်ရာနယ်မြေသို့ ခရီးဆက်ခဲ့ကြသည်။ ကေအင်န်ယူစစ်သားများ၏ လမ်းပြမှုဖြင့် မြေမြုပ်မိုင်းများအကြား ခြေလျင်တောင်တက်လမ်းအတိုင်း သွားရောက်ပြီးနောက် ၎င်းတို့ထိန်းချုပ်ရာ အဆိုပါဒေသတွင် နှစ်ရက်တိုင် နေထိုင်ခဲ့ကြသည်။ ထိုနှစ်ရက်တာကာလအတွင်း ဒေသခံအရပ်သားများ၊ ကေအင်န်ယူ၏ ဒေသန္တရတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ၎င်းတို့၏ အတွေ့အကြုံများ၊ အပစ်အခတ်ရပ်စဲရေးအပေါ် ၎င်းတို့၏ မျှော်လင့်ချက်များကို နားဆင်ခဲ့ကြသည်။

၂၀၁၂၊ စက်တင်ဘာ၅ရက်က ကျောက်ကြီးတွင် MPSI က စီစဥ်ခဲ့သောအစည်းအဝေးတစ်ခုတွင် အစိုးရထိန်းချုပ်နယ်မြေသို့ ဖြတ်သန်းသွားလာရာတွင် တပ်မတော်သားများ၏ စစ်ဆေးမေးမြန်းမှုကြောင့် ကြောက်လန့်ရကြောင်း ခဲဒါးရွာသားများက ပဲခူတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအား တင်ပြခဲ့ကြသည်။ အစပိုင်းတွင် ဝန်ကြီးက ယင်းသို့ စစ်ဆေးမေးမြန်းမှုများမရှိကြောင်း ခုခံပြောဆိုခဲ့သော်လည်း ရွာသားများ၏ ဆွေးနွေးမှုများကို နားထောင်ပြီးနောက်တွင် နောင်တွင်ရွာသားများကို စစ်ဆေးမေးမြန်းမှုများ လျှော့ချရန် အစည်းအဝေးတက်ရောက်သည့် တပ်မတော်ဗိုလ်မှူးကြီးတစ်ဦးအား အမိန့်ပေးခဲ့သည်။

၂၀၁၂၊ ဇူလိုင်တွင် ကျင်းပသည့်အစည်းအဝေးတစ်ခုတွင် ရဲဝံ့သော ကရင်စစ်ဘေးရှောင် ရပ်ရွာခေါင်းဆောင်တစ်ဦးက ပဲခူးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးကို “ကျွန်တော်တို့ရွာတွေကို နောင် မီးမရှို့တော့ပါဘူးလို့ကတိပေးနိုင်သလား”ဟု မေးမြန်းခဲ့သည်။

ဝန်ကြီးက ရွာသားများအနေနှင့် ၎င်း၏ကတိကို ယုံကြည်ရန်မှာ ခက်ခဲမည်ဖြစ်သော်လည်း တပ်မတော်က နောင်တွင်ကရင်ရွာများကို မီးမရှို့တော့ပါဟု ကတိပေးခဲ့သည်။ ၎င်းကိုယ်တိုင် အစည်းအဝေးတွင် ပါဝင်တက်ရောက်ခြင်းမှာ တပ်မတော်က ထောက်ခံသည့် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်လိုသောဆန္ဒကို ကိုယ်စားပြုနေခြင်းဖြစ်ပြီး အချိန်ကာလ ကြာလာသည်နှင့်အမျှ အပြန်အလှန်ယုံကြည်မှု ဆက်လက်တည်ဆောက်သွားနိုင်မည်ဟု အဆိုပါဝန်ကြီးက ပြောကြားခဲ့သည်။

MPSI စီမံချက်ကတဆင့်ဖြစ်ပေါ်လာသည့် အပြုသဘောဆောင်သော တိုးတက်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ ဥပမာအားဖြင့် ၂၀၁၃၊ ဇန်နဝါရီ၁၂ရက်တွင် ကျောက်ကြီးမြို့၌ ကျင်းပခဲ့သည့် ကရင်နှစ်သစ်ကူးပွဲတော်ဖြစ်သည်။ အဆိုပါပွဲတော်ကို ပြည်ထောင်စုအစိုးရအဖွဲ့မှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ ကေအင်န်ယူတာဝန်ရှိသူများနှင့် ဒေသခံများ တက်ရောက်ဆင်နွှဲ ကြသည်။ ထိုမတိုင်ခင်တစ်နှစ်ကသာဆိုလျှင် ယင်းသို့ နှစ်ဘက်အတူနွှဲပျော်သည့် ပွဲတော်တစ်ခု လက်တွေ့ဖြစ်လာရန်အလွန်ခက်ခဲခဲ့မည်ဖြစ်ပြီး ယခင်မရှိခဲ့ဖူးသော ဖြစ်ပေါ်တိုးတက်မှုတစ်ခု ဖြစ်ခဲ့သည်။

ယင်းကြောင့် စစ်ဘေးရှောင်ပြည်သူများစွာသည် ငြိမ်းချမ်းရေးစီမံချက်စတင်ရာ ခဲဒါးမှ ကျောက်ကြီးသို့ ၁၉၇၅ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သွားရောက်လည်ပတ်ခဲ့ကြသည်။ ပြည်တွင်းစစ်ကြောင့် ကာလရှည်ကြာ ကွဲကွာခဲ့ရသည့် မိသားစုဝင်များပြန်လည် ဆုံစည်းကြသည့်မြင်ကွင်းမှာ ဝမ်းနည်းဝမ်းသာ ခံစားမှုမျိုးဖြစ်သည်။

၎င်းတို့အနေဖြင့် တပ်မတော်ကို ကြောက်ရွံ့သော်လည်း ကနဦးစီမံချက်ကတဆင့် စစ်သားများနှင့် ထိတွေ့မှုများလာသည့်နောက်ပိုင်းတွင် အစိုးရထိန်းချုပ်ရာနယ်မြေတွင်ပြုလုပ်သည့် အခမ်းအနားများသို့ သွားရောက်ရန် ယုံကြည်မှုများရှိလာသည်ဟု ပွဲတက်ရောက်လာသူများက ဆိုသည်။

ရှစ်နှစ်ကြာပြီးနောက် များမကြာသေးမီက ကရင်တိုင်းရင်းသားများသည် နှစ်သစ်ကို ကြိုဆိုကြပြန်သည်။ ယခုအချိန်တွင်မူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စမ်းသပ်ချက်၏ ရေရှည်ရလဒ်များမှာ ကြိုတင်ကောက်ချချက်နိုင်သည်အထိ ထင်ရှားလာသည်။ ပဋိပက္ခ၏ အရင်းခံအကြောင်းတရားကို ဖြေရှင်းရန်မဆိုထားနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားရန်ပင် တပ်မတော်တွင် ဆန္ဒမရှိဟူ၍ဖြစ်သည်။

ထို့ထက် တပ်မတော်သည် ဒေသခံရပ်ရွာလူထုအပေါ် ဆက်လက်၍ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခြင်း၊ ၎င်းတပ်စွဲထားသောနေရာများ စစ်ရေးအရ ပိုမိုခိုင်မာလာစေရန်နှင့် ရှေ့တန်းစစ်မျက်နှာသို့ တပ်အင်အားဖြည့်တင်းရန် ၎င်းတို့၏ ဆန္ဒမပါဘဲ တိုင်းရင်းသားများ၏ ဒေသများတွင် လမ်းဖောက်လုပ်ခြင်း စသည့်ရည်ရွယ်ချက်များသာ ရှိပုံရသည်။

ကရင်တောင်တန်းများ၊ အထူးသဖြင့် ကေအင်န်ယူ တပ်မဟာ (၃) နှင့် (၅) ထိန်းချုပ်ရာဒေသများတွင်မူ တပ်မတော်သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များ အပေါ်စိတ်ဝင်စားခြင်း၊ လေးစားလိုက်နာခြင်းမရှိရုံမက အင်န်စီအေစာချုပ်ကို ချိုးဖောက်ရန် ဝန်မလေးဟူ၍ အမြင်ရှိကြသည်။ ယုံကြည်မှုများပျောက်ဆုံးခဲ့ပြီး ဒေသခံအများစုက အပစ်အခတ်ရပ်စဲရေးမှာပျက်ပြယ်ခဲ့ပြီဟု ထင်မြင်နေကြသည်။ နှစ်ရှည်လများ စိတ်ရှည်စွာ စောင့်ဆိုင်းပြီးနောက်မူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)က နယ်မြေကျူးကျော်လာသူများကို ပြန်လည်ခုခံသည့်တိုက်ပွဲများ စတင်ဆင်နွှဲခဲ့ပြီဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးခရီးအစောပိုင်းကာလတွင် နော်ဝေအစိုးရသည် အဓိကအားပေးကူညီသည့် အခန်းကဏ္ဍကပါဝင်ခဲ့ပြီး ဦးသိန်းစိန်အစိုးရ၏ ကနဦးငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို အလေးအနက်ထားစဉ်းစား၍ လက်ခံရန် ကေအင်န်ယူနှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်များ အဖွဲ့အစည်းများအား တိုက်တွန်းခဲ့သည်။ ၂၀၁၃၊ စက်တင်ဘာတွင် အော်စလိုမြို့တော်၌ အစိုးရအပြောင်းအလဲနောက်ပိုင်းနှင့် ၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိရန်အလားအလာကောင်းများ ရှိလာချိန်တွင် နော်ဝေနိုင်ငံသည် စိန်ခေါ်မှုများပြားသည့် ငြိမ်းချမ်းရေးလုပ်ငန်းကို ကူညီပံ့ပိုးရန် စိတ်အားထက်သန်မှုမရှိတော့ဟု ယူဆရသည်။

ယင်းအစား နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ရေရှည်တည်တံ့ ခိုင်မြဲသည့်ငြိမ်းချမ်းရေးကို စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးက အထောက်အကူပြုနိုင်သည်ဟူသော အမြင်ဖြင့် ထိုကဏ္ဍများကို ဦးစားပေး၍ အာရုံစိုက်လာဟန်ရှိသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီထောက်ပံ့သည့် နိုင်ငံတကာအဖွဲ့အစည်းများက တပ်မတော်၏ အင်န်စီအေသဘောတူညီချက် ချိုးဖောက်မှုများကို မည်သို့တုံ့ပြန်မည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ လတ်တလောတွင်မူ ထောင်နှင့်ချီသော ကရင်ပြည်သူတို့မှာ အေးစက်ပြီးထိတ်လန့်ဖွယ်ကောင်းသောနှစ်သစ်ကူးကာလကို ဖြတ်သန်းခဲ့ကြပြီဖြစ်သည်။

ချားလ်စ် ပီထရီနှင့် အက်ရှ်လေဆောက်သ်တို့သည် မြန်မာ့ငြိမ်းချမ်းရေးအထောက်အကူပြုအစီအစဥ် (MPSI) တွင် ၂၀၁၂ မှ ၂၀၁၄ အထိ အကြီးတန်းအကြံပေးများအဖြစ်တာဝန်ယူခဲ့ကြသည်။ မစ္စတာ ပီထရီသည် ၂၀၀၃ မှ ရွှေဝါရောင်တော်လှန်ရေးအပြီး ၂၀၀၇အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဆောင်းပါးပါ လေ့လာသုံးသပ်ဖော်ပြချက်များသည် စာရေးသူများ၏ အာဘော်သာဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.