ကရင်ဝန်ကြီးချုပ်နဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း

ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ပြီး အလုပ်အကိုင်သစ် အများကြီး ဖန်တီးဖို့ ဘက်ပေါင်းစုံ တွက်ချက်ပြင်ဆင်ထားတဲ့ လျှပ်စစ်ဓာတ်အား စက်ရုံတွေ တည်ဆောက်ရမယ်လို့ ဆိုပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ အမြောက်အမြား ဖော်ဆောင်ဖို့၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အရှိန်အဟုန်နဲ့ ဝင်ရောက်လာနိုင်ဖို့ အဓိက အဟန့်အတား တစ်ခုလို ဖြစ်နေတာကတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပြဿနာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန် အစိုးရဟာ ရေအားကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူမယ့် စီမံကိန်းတွေနဲ့ ကျောက်မီးသွေးကနေ ထုတ်ယူမယ့် စီမံကိန်းတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တာနဲ့ ရင်ဆိုင်နေရပါတယ်။ အခြားတစ်ဖက်မှာတော့ သဘာဝဓာတ်ငွေ့ ထွက်ရှိမှုကလည်း သိပ်မကြာမီ နည်းပါးသွားမယ့် အခြေအနေ ရှိနေပါတယ်။

ဒါ့အပြင် လက်ရှိ လျှပ်စစ်ထုတ်လုပ်မှုအတွက် အစိုးရဟာ တစ်နှစ် ဒေါ်လာ သန်း ၃၀၀ ကျော် အရှုံးခံနေရတာ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းဟာ အမြတ်မပေါ်နိုင်သေးတဲ့ လုပ်ငန်းဖြစ်နေလို့ ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်ဖို့ အဟန့်အတား ဖြစ်နေသေးတာ စတာတွေကိုပါ တပြိုင်နက်တည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အင်န်အယ်လ်ဒီ အစိုးရကတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် လက်တွေ့ကျတဲ့ အစီအစဉ်တွေကို ရဲရဲဝံ့ဝံ့ ချမှတ်လာပါပြီ။ အဲဒီအထဲမှာ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ထုတ်တဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်မယ့်ကိစ္စလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အကောင်အထည် ဖော်သင့်သလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ တည်ဆောက်မယ်လို့ ရည်မှန်းထားတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေ တစ်ခုပြီးတစ်ခု ဆန့်ကျင်ကန့်ကွက်တာ ခံနေရပါတယ်။ ဒါကြောင့်လည်း ဘယ်စီမံကိန်းမှ တကယ် စပြီး အကောင်အထည်ဖော်တာမျိုး မလုပ်နိုင်သေးပါဘူး။

ကျင်းပပြီးသွားတဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါ သတင်းမီဒီယာသမားတွေက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ပါတီခေါင်းဆောင်တွေကို မေးမြန်းခဲ့ကြပါသေးတယ်။

ဒီအခါ ဦးဝင်းထိန်က ရေအားကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူတာနဲ့စာရင် ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူတာဟာ ကုန်ကျစရိတ်များပေမဲ့ မြန်မြန်ဆန်ဆန် ထုတ်ယူရရှိနိုင်တာကြောင့် သုံးသင့်ရင် သုံးဖို့ တိုက်တွန်းထားတယ်လို့ ပြောပါတယ်။ အဓိပ္ပာယ်ကတော့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေနဲ့ပတ်သက်လို့ အာဏာရ အင်န်အယ်လ်ဒီ ပါတီအနေနဲ့ ကန့်ကွက်မှု မရှိဘူးဆိုတဲ့ သဘောပါ။

အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်က အမျိုးသားလွှတ်တော် အစည်းအဝေး တက်လာတဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းဝင်းကို သတင်းထောက်တွေက အလားတူ မေးခွန်းမျိုး မေးကြပါတယ်။ ဝန်ကြီး ဦးအုန်းဝင်းကတော့ လူနဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘူးဆိုရင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်သင့်တယ်လို့ ဖြေပါတယ်။ အဓိကကတော့ စက်ရုံတွေ မတည်ဆောက်ခင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက်တွေ ကောင်းကောင်းလုပ်ဖို့ လိုတယ်လို့ ဝန်ကြီးက ပြောသွားခဲ့တာပါ။

လက်ရှိ မြန်မာနိုင်ငံ အိမ်ထောင်စု စုစုပေါင်းရဲ့ သုံးပုံတစ်ပုံလောက်ပဲ လျှပ်စစ်မီး အသုံးပြုနိုင်သေးလို့ အာဆီယံနိုင်ငံတွေထဲမှာတောင် ခေတ်နောက်ကျတဲ့ အခြေအနေ ရောက်နေရတာပါ။ တကယ်တော့ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲရေးမှာ အရေးကြီးတာက လူနဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်ရေးပါ

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနဲ့ပတ်သက်ပြီး အဲဒီထက် ပိုပြီး ပြတ်ပြတ်သားသား ပြောခဲ့သူကတော့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ပါ။ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက် ဘားအံမြို့ ဇွဲကပင်ခန်းမမှာလုပ်တဲ့ TTLC Public Company Limited က Ultra Super Critical (USC) နည်းပညာနဲ့ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် ပတ်ဝန်းကျင် သက်ရောက်မှုဆိုင်ရာ (EIA) ဆန်းစစ်လေ့လာခြင်း လုပ်ငန်းစဉ် နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။

အဲဒီ စီမံကိန်းဟာ မဂ္ဂါဝပ် ၁,၂၈၀ ထုတ်လုပ်မှာဖြစ်လို့ လက်ရှိ မြန်မာနိုင်ငံက ထုတ်လုပ်နေတာရဲ့ လေးပုံတစ်ပုံလောက်ရှိလို့ အတော်ကြီးမားတဲ့ စီမံကိန်းလို့ ပြောနိုင်ပါတယ်။ နန်းခင်ထွေးမြင့်က “ ကျွန်မ ဒီကျောက်မီးသွေးကြီးကို စိတ်ဝင်စားလာတာ ကြာပြီ၊ ကျွန်မတို့ပြည်နယ်အတွက် မီးက ဘယ်က ရနိုင်မလဲ၊ ပြည်သူ့လက်ထဲကို မြန်မြန်ဆန်ဆန် ရောက်နိုင်တာ ဘာရှိမလဲ၊ ကျွန်မတို့ဒေသမှာ မီးရမှ တိုးတက်မယ်ဆိုတာ လူတိုင်း သိမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

သူဆက်ပြောတာက သူအပါအဝင် ပြည်သူတွေအနေနဲ့ လူတောမတိုးနိုင်တဲ့ အခြေအနေထဲ နေခဲ့ရတာ နှစ်ပေါင်း ၄၀ ကျော်ကြာခဲ့ပြီ၊ အခုစီမံကိန်း အကောင်အထည်ဖော်ဖြစ်ရင် နောင်ဖြစ်ပေါ်လာမယ့်ကိစ္စ သူ တာဝန်ယူနိုင်တယ်ဆိုပြီး ပြောပါတယ်။ ဒါ့အပြင် ကျောက်မီးသွေးသုံး ဓာတ်အားပေး စီမံကိန်း တည်ဆောက်တာကို ကန့်ကွက်နေကြတဲ့သူတွေကိုလည်း “ ဘာမှတော့ စီစဉ်ဆောင်ရွက် ကြိုးစားချင်တာ မရှိဘဲနဲ့၊ ပြည်နယ်အတွက် မစဉ်းစားပေးဘဲနဲ့ သူများလုပ်တဲ့ဟာတွေကို ဖျက်ဆီးနေတဲ့ လူတွေရှိတယ်” ဆိုပြီး ပြင်းပြင်းထန်ထန် ပြောခဲ့တာ ဖြစ်ပါတယ်။

မှန်ပါတယ်။ မြန်မာနိုင်ငံကြီး ဆင်းရဲမွဲတေ ဖြစ်နေသလို၊ ကရင်ပြည်နယ်လို နေရာမျိုးဟာ ပိုလို့တောင် ခေတ်နောက်ကျ ကျန်ရစ်နေတာ ဖြစ်ပါတယ်။ အလုပ်အကိုင် ရှားပါးလွန်းတာကြောင့် ကရင်ပြည်နယ်ထဲက အလုပ်လုပ်နိုင်တဲ့ အင်အားစု အများစုကြီးဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကို နည်းပေါင်းစုံနဲ့သွားပြီး ရရာအလုပ် လုပ်ကိုင်နေရတာကလည်း အားလုံးအသိပါ။ လျှပ်စစ်ဓာတ်အားသာ လုံလုံလောက်လောက် ရလာရင် စက်မှုလုပ်ငန်းတွေ၊ အထည်ချုပ်စက်ရုံတွေနဲ့ အခြားလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံချင်လာအောင် ဖိတ်ခေါ်ပြီး အလုပ်အကိုင်သစ် အများကြီး ဖန်တီးပေးနိုင်ပါလိမ့်မယ်။

လျှပ်စစ်ဓာတ်အား ရရှိရေး ပြဿနာ ရင်ဆိုင်နေရတာ ကရင်ပြည်နယ် တစ်ခုတည်းလည်း မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအနှံ့ပါ။ လက်ရှိ မြန်မာနိုင်ငံ အိမ်ထောင်စု စုစုပေါင်းရဲ့ သုံးပုံတစ်ပုံလောက်ပဲ လျှပ်စစ်မီး အသုံးပြုနိုင်သေးလို့ အာဆီယံနိုင်ငံတွေထဲမှာတောင် ခေတ်နောက်ကျတဲ့ အခြေအနေ ရောက်နေရတာပါ။ တကယ်တော့ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲရေးမှာ အရေးကြီးတာက လူနဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်ရေးပါ။

ကြိုတင်လေ့လာဆန်းစစ်မှုတွေ စနစ်တကျလုပ်ပြီး ထိခိုက်မှု မရှိဘူးဆိုရင် ကျောက်မီးသွေးသုံး စက်ရုံတွေကိုလည်း အကောင်အထည်ဖော်သင့်ပါတယ်။ ရေအားလျှပ်စစ် စီမံကိန်းဆိုရင်လည်း ထွက်လာတဲ့ လျှပ်စစ်ကို ဘယ်လိုခွဲဝေယူကြမလဲဆိုတဲ့ ပြဿနာကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ရင်၊ ပြည်သူတွေ အတွက် အကျိုးရှိမယ်ဆိုရင် ထုတ်ယူသုံးစွဲသင့်ပါတယ်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ပြောတာ မှန်ပါတယ်။ တကယ်လို့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်လို့ ဘက်ပေါင်းစုံ တွက်ချက်ပြင်ဆင်ထားတဲ့ ကြားက၊ မမျှော်လင့်ဘဲ ဘေးထွက်ဆိုးကျိုး နည်းနည်းပါးပါး ကြုံလာခဲ့မယ်ဆိုရင်တောင် အဲဒါဟာ လျှပ်စစ်မီး မရလို့ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနိမ့်ကျ၊ အလုပ်အကိုင် အခွင့်အလမ်းမရှိလို့ အိမ်နီးချင်းနိုင်ငံတွေဆီ သွားပြီး ကျွန်သာသာ အလုပ်တွေ လုပ်ကြရ၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်က နိမ့်ကျပြီး လူစဉ်မမီ ဆိုတဲ့ အခြေအနေမျိုးထက်တော့ အများကြီး သက်သာပါလိမ့်မယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.