ကရင်ပြည်နယ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ လွန်ဆွဲပွဲ

အငြင်းပွားဖွယ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား သဘောထားကွဲလွဲမှု ရှိနေပုံရသည်။

ဆုမြတ်မွန် ရေးသားသည်။

ကရင်ပြည်နယ်တွင် အဆိုပြုထားသော ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း၏ ကံကြမ္မာမှာ မရေမရာ ရှိနေဆဲဖြစ်သည်။ စီမံကိန်းကို နေပြည်တော်က ခွင့်ပြုချက်ထုတ်ပေးမည် မဟုတ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၏ ပြောကြားချက်ကို အစိုးရအရာရှိများက ပြန်လည်ရုပ်သိမ်းသည့် လက္ခဏာရှိသည်။

ကရင်ပြည်နယ်မြို့တော် ဖားအံမြို့အနီးရှိ မဂ္ဂါဝပ် ၁,၂၈၀ ရှိ စက်ရုံမှာ တည်ဆောက်ရန်လည်း မလိုအပ်သည့်အပြင် ဒေသခံများကလည်း မနှစ်သက်သဖြင့် အတည်ပြုပေးမည်မဟုတ်ကြောင်း မတ် ၁၄ ရက်က ကျင်းပသော အခြေခံအဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ဦးဝင်းခိုင်က ပြောသည်ဟု သိရသည်။

သူ၏ဝေဖန်ပြောကြားချက်များကို ပြည်တွင်းသတင်းစာ 7 Day Daily တွင် ဖော်ပြခဲ့ပြီး အင်န်ဂျီအိုအဖွဲ့ တစ်ခုဖြစ်သော EarthRights International ကလည်း သူ၏ပြောကြားချက်ကို ကိုးကားကာ အဆိုပြုထားသော စီမံကိန်းများနှင့် ယာယီရပ်ဆိုင်းထားသော စီမံကိန်းများကို ဖျက်သိမ်းပေးရန် ဧပြီ ၄ ရက်က ထုတ်ပြန်သော ကြေညာချက်တွင် တိုက်တွန်းခဲ့သည်။

သတင်းများက စီမံကိန်းကို ဆန့်ကျင်နေသော ဒေသခံများကို ဝမ်းသာအားရ ဖြစ်စေသောကြောင့် အချို့က ဘောလုံးပွဲများကျင်းပကာ အောင်ပွဲခံခဲ့ကြသည်။

သို့ရာတွင် လွန်ခဲ့သောလကမူ စီမံကိန်းကို ကန့်ကွက်သော အစီအစဉ်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အတည်မပြုသည့်အတွက် အောင်ပွဲခံခဲ့သည့် အပျော်ကလေးများ ပျောက်ကွယ်ခဲ့ရသည်။

ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရေး ထောက်ခံကြသော ထိုင်းနိုင်ငံ စတော့ဒိုင်စာရင်းဝင် TTCL ၏ လက်အောက်ခံကုမ္ပဏီ တစ်ခုဖြစ်သည့် Toyo Thai Power Myanmar Co. Ltd ကုမ္ပဏီနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့တို့ကမူ စီမံကိန်းအကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားဆဲဖြစ်ကြောင်း ပြောကြသည်။

စီမံကိန်းဖျက်သိမ်းရေးကို ပြည်နယ်အစိုးရက တရားဝင်ကြေညာထားခြင်း မရှိသေးကြောင်း ကရင်ပြည်နယ် လျှပ်စစ်ဓာတ်အားနှင့် စက်မှုလုပ်ငန်းဝန်ကြီး ဦးစိုးလှိုင်က ပြောသည်။

“ပြည်နယ်အစိုးရဘက်ကတော့ စက်ရုံတည်ဆောက်ရေးကို ဆက်လက်အကောင်အထည်ဖော်သွားမှာပါ” ဟု သူက ဧပြီ ၄ ရက်တွင် ဖရန့်တီယာကို ပြောသည်။

စီမံကိန်းကို ဖျက်သိမ်းဖို့ ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက် မရှိသေးကြောင်း Toyo Thai Power Myanmar ၏ ရုံးမန်နေဂျာ ကိုထက်အောင်မွန်က ပြောသည်။

“လုပ်ငန်းကတော့ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းနေတုန်းပါပဲ။ သူတို့သုံးသပ်ချက်ကို ကျွန်တော်တို့ စောင့်နေပါတယ်” ဟု သူကပြောသည်။

စီမံကိန်းဖျက်သိမ်းမှုကို “သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ခိုင်လုံသောရင်းမြစ်များက အတည်မပြုသေးကြောင်း”  ထိုင်းနိုင်ငံ စတော့အိပ်ချိန်းထံ ဧပြီ ၉ ရက်က တင်ပြသည့်အစီရင်ခံစာတွင် TTCL ကုမ္ပဏီက ဖော်ပြသည်။ သဘာဝပတ်ဝန်းကျင် ဂယက်ရိုက်ခတ်မှု လေ့လာစိစစ်ချက် အစီရင်ခံစာကို ပြုစုနေဆဲဖြစ်ကြောင်းနှင့် စီမံကိန်းအတွက် ကုမ္ပဏီက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန် လက်မှတ်မရေးထိုးရသေး၍ ဆောက်လုပ်ရေးလုပ်ငန်းများကို မဆောင်ရွက်ရသေးကြောင်း ဖော်ပြထားသည်။

TTCL သည် ထိုင်းနိုင်ငံမှ အီတာလျံ-ထိုင်းဖွံ့ဖြိုးရေးကုမ္ပဏီနှင့် ဂျပန်နိုင်ငံ တိုယိုအင်ဂျင်နီယာရင်းကုမ္ပဏီတို့ ၁၉၈၅ ခုနှစ်က ဖက်စပ်တည်ထောင်ထားသော ကုမ္ပဏီဖြစ်သည်။ TTCL သည် အလုံတွင် မဂ္ဂါဝပ် ၁၂၀ ထုတ် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို လည်ပတ်လျက်ရှိပြီး ထိုနေရာမှာပင် ၃၅၆ မဂ္ဂါဝပ်ရှိ စက်ရုံကို ထပ်မံတိုးချဲ့ဆောက်လုပ်ရန် ခွင့်ပြုချက်ရထားသည်။

ဝန်ကြီးဌာနက မှတ်ချက်ပြန်ရုပ်သိမ်း

မြန်မာနိုင်ငံ အခြေခံဥပဒေအရ ပြည်နယ်အစိုးရများသည် လျှပ်စစ်ဓာတ်အားပေး စီမံကိန်းများကို မဂ္ဂါဝပ် ၃၀ အထိသာ အတည်ပြုပေးနိုင်သည်။ ထို့ကြောင့် နေပြည်တော်၏ ခွင့်ပြုချက်မရပါက စီမံကိန်းကို ရှေ့ဆက်၍ မဆောင်ရွက်နိုင်သည့်သဘောရှိသည်။

မည်သို့ပင်ဆိုစေ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အရာရှိများက ဝန်ကြီး၏ပြောကြားချက်များကို သွေဖီလျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီးက စီမံကိန်းကို အတည်ပြုသည်၊ သို့မဟုတ် ကန့်ကွက်သည်ကို တိတိကျကျ မပြောသေးကြောင်း ဝန်ကြီးဌာန၏ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန ဒုတိယအတွင်းဝန် ဦးအောင်ကျော်ထူးက ဧပြီ ၁၂ ရက်တွင် ဖရန်တီယာကို ပြောကြားသည်။

“သူပြောတာက စက်ရုံနဲ့ပတ်သက်ပြီး ပြည်သူက သဘောမတူရင် လုပ်လို့မရဘူးလို့ပြောတာ” ဟု သူက ဆိုသည်။ အစိုးရထံတွင် ကျောက်မီးသွေး စီမံကိန်းသစ်များကို အတည်ပြုရန် လောလောဆယ် “အစီအစဉ် မရှိသေး” ကြောင်း သူက ဖြည့်စွက်ပြောကြားသည်။

“ကျွန်တော်တို့ ပြည်ထောင်စုအစိုးရရဲ့ မဟာစီမံကိန်းက ပြည်သူလက်ခံတဲ့ အရင်းအမြစ်တွေကပဲ လျှပ်စစ်ဓာတ်အား ထုတ်ယူမယ်ဆိုတဲ့ စီမံကိန်းပါပဲ” ဟု ဦးအောင်ကျော်ထူးက ပြောသည်။

စက်ရုံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂယက်ရိုက်ခတ်မှုနှင့် ဒေသခံများက စီမံကိန်းကို ကန့်ကွက်မှုရှိမရှိ ဝန်ကြီးဌာနက လေ့လာသုံးသပ်ရန် ဆန္ဒရှိကြောင်း အခြားအဆင့်မြင့်အရာရှိ တစ်ဦးက ဧပြီ ၁၀ ရက်တွင် ပြောသည်။

“ကရင်ပြည်နယ်က ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကျွန်တော်တို့ သဘောမတူတာတော့ မဟုတ်ပါဘူး” ဟု ဝန်ကြီးဌာန၏ ဒုတိယအတွင်းဝန် ဦးစိုးမြင့်က ဖရန့်တီယာကို ပြောသည်။

မွန်ပြည်နယ် မော်လမြိုင်မှတဆင့် သံလွင်မြစ်အတိုင်း ဆန်တက်၍ စက်ရုံကို ကျောက်မီးသွေးတင်ပို့မည့် အဆိုပြုချက်ကိုသာ ဝန်ကြီးဌာနက စိုးရိမ်ခြင်းဖြစ်ကြောင်း သူက ပြောသည်။

ပြည်သူက မထောက်ခံပါက စက်ရုံတည်ဆောက်ရေးကို ဖျက်သိမ်းရန်မှာ ပြည်ထောင်စုအစိုးရ၏ မူဝါဒ ဖြစ်ကြောင်း ဦးစိုးမြင့်က အတည်ပြုပြောကြားသည်။

ပြည်နယ်နှင့် ပြည်ထောင်စုလွန်ပွဲ

ဖားအံမြို့အနီးတွင် မဂ္ဂါဝပ် ၁,၂၈၀ ရှိ စက်ရုံတည်ဆောက်ရေးအတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာချက် အစီရင်ခံစာပြုစုရန် ၂၀၁၇ ခု ဧပြီ၌ ပြည်နယ်အစိုးရက တိုယိုထိုင်းပါဝါမြန်မာနှင့် နားလည်မှုစာချွန် ရေးထိုးချိန်မှစ၍ စီမံကိန်းကို စတင်ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

ထိုနှစ်အောက်တိုဘာ၌ ပြည်နယ်အစိုးရနှင့် TTCL ကုမ္ပဏီတို့ နှစ် ၄၀ ခွင့်ပြုချက်ဖြင့် သုံးအိမ်ကျေးရွာအနီး သံလွင်မြစ်ကမ်းနံဘေးတွင် ၈၁၅ ဧက(၃၃၃ ဟက်တာ) ရှိ မြေနေရာ၌ ဖက်စပ်လုပ်ငန်းနှင့် မြေငှားချထားရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

လျှပ်စစ်ဓာတ်အားစက်ရုံ တည်ဆောက်ရေးအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ နှစ်ဘီလျံရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဟု ရည်မှန်းထားသည်။

ပြည်နယ်အစိုးရသည် စက်ရုံ၏ ရှယ်ယာ ငါးရာခိုင်နှုန်းကို ထည့်ဝင်မည်ဖြစ်ပြီး စက်ရုံတည်ဆောက်ရေးကို ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အားတက်သရော ထောက်ခံထားသည်။ ၎င်းသည် အင်န်အယ်ဒီပါတီအတွင်း၌ သြဇာကြီးမားသူတစ်ဦးဖြစ်ပြီး ၁၉၉၀ ခု၊ ၂၀၁၂ ခုနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် အနိုင်ရခဲ့ပြီး ပါတီဗဟိုအမှုဆောင် ကော်မတီ၏အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

ခရီးသွားလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများပြီးလျှင် အစိုးရ၏ ထိပ်တန်းဦးစားပေးမှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တိုးတက်ကောင်းမွန်ရေးဖြစ်ကြောင်း ၂၀၁၇ ခု နိုဝင်ဘာက ပြည်နယ်မြို့တော်တွင် ကျင်းပသော ရင်းနှီးမြှုပ်နှံမှုပြပွဲတစ်ခု၌ ၎င်းက ပြောကြားခဲ့သည်။

ထိုလအတွင်းမှာပင် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် “ညှိနှိုင်းဆွေးနွေးပွဲ” ၌ ကျောက်မီးသွေးစက်ရုံ အကြောင်းကို ပြောကြားခဲ့သည်။ ထိုပွဲသို့ ဖရန်တီယာလည်း တက်ရောက်ခဲ့သည်။ ပြည်နယ်ဖွံ့ဖြိုးရေး လိုအပ်ချက်အတွက် စီမံကိန်းကိုလက်ခံရန် တိုက်တွန်းပြောကြားပြီးနောက် ၎င်းသည် အခမ်းအနားမှ ချက်ချင်းထွက်ခွာပြီး တက်ရောက်လာသူတို့နှင့် စကားပြောရန်၊ သို့မဟုတ် သူတို့၏ သဘောထားကို နားထောင်ရန် ငြင်းဆန်ခဲ့သည်။

သို့သော်လည်း ဦးဝင်းခိုင်သည် ပုဂ္ဂလိကကဏ္ဍနောက်ခံမှ လာသူဖြစ်သည်။ ၂၀၁၆ ခု မတ်လတွင် ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းမခံရမီက အင်ဂျင်နီယာကုမ္ပဏီတစ်ခုကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သူဖြစ်သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် သူ၏စွမ်းဆောင်ရည် ကောင်းမွန်မှုကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်အားထားမှုကို ရရှိခဲ့သည်။ ထို့ကြောင့် ၂၀၁၇ ခု သြဂုတ်လတွင် ယခင်ဝန်ကြီးဟောင်း ဦးဖေဇင်ထွန်းလက်ထက်က အလူးအလဲ ရုန်းကန်နေခဲ့ရသော လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနကို ဦးဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ရွေးချယ်ခဲ့သည်။

ဇန်နဝါရီနှောင်းပိုင်းတွင် သဘာဝဓာတ်ငွေ့ စီမံကိန်းများကို ဆက်လက်ဆောင်ရွက်ရန် ကုမ္ပဏီစုကြီး လေးခုကို ဝန်ကြီးဌာနက နှိုးဆော်စာထုတ်ပြန်ခဲ့သည်။ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးမှာ နည်းပညာအရ ဖြစ်မြောက်နိုင်စွမ်းရှိသော်လည်း အကောင်အထည်ဖော်ရန်မှာ နိုင်ငံရေးအရ အလွန်အခက်အခဲ ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ကာလလတ် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် LNG ကို အစားထိုး ရွေးချယ်ရခြင်းဖြစ်ကြောင်း နောက်တစ်လတွင် ကျင်းပသော စွမ်းအင်ကဏ္ဍ ညှိနှိုင်းဆွေးနွေးပွဲ၌ ဦးဝင်းခိုင်က ရှင်းလင်းတင်ပြခဲ့သည်။

မရေရာသော အနာဂတ်

အဆိုပြုထားသော စက်ရုံနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားမှု မရှိခြင်းက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ဆန့်ကျင်သူများအတွက်လည်းကောင်း၊ ပြည်နယ်အစိုးရကို ကန့်ကွက်ခဲ့သည့် စီမံကိန်း လုပ်ငန်းခွင်အနီး နေထိုင်သူဒေသခံများအတွက်လည်းကောင်း စိတ်မချမ်းမြေ့စရာ ဖြစ်ခဲ့ရသည်။

ဧပြီ ၄ ရက်က သုံးအိမ်ကျေးရွာတွင် ကျင်းပသောဘောလုံးပွဲမှာ စီမံကိန်းကို ပယ်ဖျက်လိုက်ပြီအထင်ဖြင့် ကျေးရွာ ၁၁ ရွာမှာ နေထိုင်သူတို့က ဦးစီးကျင်းပခြင်း ဖြစ်သည်။

ဘောလုံးပွဲသို့ လူ ၅၀၀ ခန့် လာရောက်ကြည့်ရှုကြောင်း သုံးအိမ်ကျေးရွာမှ စောနေလင်းထွန်းက ပြောသည်။ အောင်ပွဲခံ ကျင်းပခဲ့ခြင်းမှာ အချိန်မတန်သေးဘဲ ကျင်းပခဲ့မိလေပြီလားဟု ရွာသားများက ထင်နေကြောင်း သူက ပြောသည်။

ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရ၏ ဆုံးဖြတ်ချက်ကို အတည်မပြုခဲ့သည့်အတွက် ရွာသားများက မယုံသင်္ကာ ဖြစ်နေကြောင်း သူကပြောသည်။

ဒေသခံတို့ ဆန့်ကျင်နေသည့်ကြားမှ ပြည်နယ်အစိုးရက စီမံကိန်းကို ဆက်လက်ဆောင်ရွက်မည်ဆိုပါက ပဋိပက္ခများ ဖြစ်လာမည်ကို စောနေလင်းထွန်းက စိုးရိမ်နေသည်။

“ကျောက်မီးသွေးသုံးစက်ရုံကို ဆက်မဆောက်တော့ပါဘူးလို့ ပြည်နယ်အစိုးရက ပြောတဲ့စကားပဲ ကျွန်တော် ကြားချင်ပါတယ်” ဟု သူက ပြောသည်။

စီမံကိန်းကို ကန့်ကွက်နေသည်ကို ပြည်နယ်အစိုးရက ဥပေက္ခာပြုနေကြောင်းနှင့် စီမံကိန်းကို ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရကို တွန်းအားပေးနေကြောင်း စီမံကိန်းကို ဆန့်ကျင်နေကြသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံတို့က စွပ်စွဲကြသည်။

“ကျွန်တော်တို့ (ကရင်)အစိုးရက ကျွန်တော်တို့ပြောတာကို နားမထောင်ပါဘူး” ဟု စီမံကိန်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်နေသည့် အရပ်ဘက်အဖွဲ့အစည်း ၁၃၀ ခန့်အနက် တစ်ဖွဲ့ဖြစ်သည့် ကရင်ပြည်နယ်မှ မြစ်များစောင့်ကြည့်ရေးအဖွဲ့၏ ပေါင်းစပ်ညှိနှိုင်းရေးမှူး စောသာဘိုးက ပြောသည်။

ဝန်ကြီးက မတ်လ ၁၄ ရက် ဝေဖန်ပြောကြားပြီးနောက်ပိုင်း ပြည်နယ်အစိုးရသည် ယင်း၏အာဏာကို ပိုလွန်သုံးစွဲကာ စီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ကြောင်း သူက ပြောသည်။ မတ်လ ၂၅ ရက်တွင် ပြည်နယ်အစိုးရအရာရှိများသည် သုံးအင်းကျေးရွာသို့ ရောက်ရှိလာပြီး မြေပြင်တွင် တိုင်များစိုက်ကာ စီမံကိန်း မြေနေရာကို သတ်မှတ်ခဲ့သည်။

ဖြစ်ပေါ်တိုးတက်မှုများကို အရပ်ဘက်အဖွဲ့အစည်းများက မဆန့်ကျင်သော်လည်း ကျောက်မီးသွေးစွမ်းအင်အပြင် အခြားပိုမိုကောင်းမွန်သော ရွေးချယ်စရာများ ရှိနေသည်ဟု ယုံကြည်နေကြောင်း စောသာဘိုးက ပြောသည်။

ယခင်နှစ်က ပြည်ထောင်စုအစိုးရထံပေးပို့သော အိတ်ဖွင့်ပေးစာတွင် ယခုစီမံကိန်းအစား ဒေသခံတို့၏ လိုအပ်ချက်နှင့်ကိုက်ညီပြီး ရေရှည်တည်တံ့မည့်  ပြန်ပြည့်မြဲစွမ်းအင် စီမံကိန်းများကို အကောင်အထည်ဖော်ရန် ၎င်းတို့က တိုက်တွန်းထားသည်။

“တကယ်တမ်း ကျွန်တော်တို့ လိုနေတာက စွမ်းအင်စီမံကိန်းတွေအတွက် နည်းပညာ အကူအညီပေးဖို့နဲ့  သီးခြားမူဝါဒ ချမှတ်ပေးဖို့ ဖြစ်ပါတယ်” ဟု သူကဆိုသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ကရင်ပြည်နယ် မြစ်များစောင့်ကြည့်ရေးအဖွဲ့ ပေါင်းစပ်ညှိနှိုင်းရေးမှူး စောသာဘိုး နိုဝင်ဘာလအတွင်းက ဖားအံတွင် ကျင်းပသည့် အခမ်းအနားတစ်ခု၌ ဆွေးနွေးနေစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.