ကရင်ပြည်နယ်၌ ကျဆုံးသည့် မဟာမိတ်စစ်သည်များအတွက် အမှတ်တရ

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးခါစအချိန်က ကရင်ပြည်နယ် တောင်တန်းများပေါ်တွင် ပျက်ကျသွားခဲ့သော လေယာဉ်တစ်စင်းပေါ် လိုက်ပါသွားခဲ့ကြသည့် မဟာမိတ်စစ်သည် ၁၆ ဦး၏ ကျန်ရစ်သူ မိသားစုများသည် နှစ်ပေါင်း ၆၀ ကျော်ကြာပြီးခါမှ သေဆံုံးသွားသူတို့အတွက် အမှတ်တရ ဂုဏ်ပြုဆုတောင်းပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်ခွင့် ရခဲ့ကြသည်

သောမတ်စ် ကင်း(န်) ရေးသားသည်။

၁၉၅၃ ခုနှစ် ဇန်နဝါရီလတွင် ကနေဒါ ဘုရင့်လေတပ်မှ ထိခိုက်ကျဆုံးသူများဆိုင်ရာ အရာရှိ ဒဗလျူ အာရ် ဂန်း Casualties Officer Wing Commander WR Gunn က ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးပြီး ရက်များမကြာမီ ကရင်ပြည်နယ် တောတောင်များတွင် လေယာဉ်ပျက်ကျ သေဆုံးသွားခဲ့ရသော အရာခံဗိုလ် ဟာရီ စမစ် Warrant Officer Class 1 Harry Smith နှင့်ပတ်သက်၍ ဖခင်ဖြစ်သူ ဟာရိုး စမစ်Harold Smith ထံ စာရေးသား အကြောင်းကြားခဲ့သည်။

“မြန်မာနိုင်ငံ၏ အခြေအနေ မတည်ငြိမ်မှုများကြောင့် သင်၏သား အပါအဝင် လေယာဉ်ပေါ် လိုက်ပါသွားသူ အားလုံး၏ အလောင်းများကို ပြန်လည်ရယူနိုင်ခြင်း မရှိသေးပါကြောင်း ဝမ်းနည်းစွာ အကြောင်းကြားအပ်ပါသည်။

“မည်သို့ပင်ရှိစေ အနာဂတ် တစ်ချိန်ချိန်တွင် သင်၏ သားအလောင်းကို ပြန်လည်ရယူရန် အခြေအနေ ပေးလာပါက ပြန်လည်ရှာဖွေရယူပြီး စစ်သင်္ချိုင်းတစ်ခုတွင် စနစ်တကျ မြှုပ်နှံကာ အမှတ်တရ ကမ္ဗည်းစာတမ်း စိုက်ထူထိန်းသိမ်းထားမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစေလိုပါသည်”

dsc01451.jpg

ဒါကိုတာ ကေအင်န် ၅၈၄ ပျက်ကျရာတွင် သေဆုံးသွားသူ ဒုဗိုလ်မှူးကြီး ဆစ်ဒနီ ဝစ်ဂင်တန်။ ဓာတ်ပုံ – ပံ့ပိုး

ထိုမှ ၆၄ နှစ် နီးပါး ကြာသည့်တိုင် ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၇ ရက်က ကရင်ပြည်နယ်တွင် ပျက်ကျခဲ့သော ဒါကိုတာ ကေအင်န် ၅၈၄ Dakota KN 584 လေယာဉ်ပေါ်၌ လိုက်ပါသွားခဲ့ကြသည့် ဟာရီ စမစ်နှင့် အခြား ၁၅ ဦးတို့၏ အလောင်းများသည် မွန်ပြည်နယ် ဘီးလင်းမြို့မှ ကရင်ပြည်နယ် ဖာပွန်မြို့သို့သွားရာ လမ်းပေါ်ရှိ မဲဝိုင်းရွာ ဘုန်းကြီးကျောင်းဝင်းတွင် မြှုပ်နှံထားဆဲပင်။ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးစစ်ပွဲများ၌ တစ်ခုဖြစ်သော တပ်မတော်နှင့် ကေအင်န်ယူတို့အကြား ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားနေခဲ့သော စစ်ပွဲများကြောင့် အလောင်းများကို သင့်တော်ရာ စစ်သချုႋင်းသို့ ပြောင်းရွှေ့မြှုပ်နှံပေးပါမည်ဟု ပေးခဲ့သော ကတိကို ဆောင်ရွက်မပေးနိုင်သေးပေ။

သို့သော် သေဆုံးသွားသူတို့၏ ဆွေမျိုးသားချင်းများအတွက် သူတို့တာဝန်ကို ပြည်ဖုံးကား ချနိုင်တော့မည့် အခွင့်အလမ်းတစ်ခု နိုဝင်ဘာလ ၃ ရက်၌ ရောက်ရှိလာခဲ့သည်။ ရန်ကုန်မြို့ ထောက်ကြန့်စစ်သချိုင်းတွင် ပြုလုပ်သော ကျဆုံးမဟာမိတ် စစ်သည်တို့အတွက် အောက်မေ့ဖွယ် အခမ်းအနားအပြီးတွင် တက်ရောက်လာကြသော သံတမန်များ၊ စစ်သံမှူးများနှင့် ကျောင်းသားကျောင်းသူတို့ စစ်သချိုင်းထဲမှ ထွက်ခွာသွားကြသောအခါ လူတစ်စုမှာ မပြန်သေးဘဲ ကျန်ရစ်ခဲ့ကြသည်။ သူတို့က ပုဂ္ဂိုလ်ရေးပိုဆန်သော ဆွေမျိုးသားချင်းအတွက် အောက်မေ့ဖွယ် အခမ်းအနား သီးသန့်ပြုလုပ်ရန် နောက်ချန်နေခဲ့ကြခြင်း ဖြစ်သည်။

စစ်သချိုင်း၏ လက်ယာဘက်ထောင့်တွင် ၁၉၄၅ ခုနှစ် စက်တင်ဘာလက လေယာဉ်ပျက်ကျ သေဆုံးသွားခဲ့ကြသော စစ်သည် ၁၆ ဦး၏ နာမည်ကမ္ဗည်း ရေးထိုးထားသည့် အုတ်ဂူ ၁၆ ခုနှင့် ကျောက်ခုံတစ်ခုကို မဟာမိတ် စစ်သချုႋင်း ကော်မရှင် အထိမ်းအမှတ်အလံဖြင့် ဖုံးအုပ်ထားသည်။ ခပ်တိုတို အမှတ်တရ မိန့်ခွန်းစကား ပြောပြီးနောက် ဖုံးအုပ်ထားသော အလံကို ဖယ်ရှားလိုက်သည်။ ထိုအခမ်းအနားအတွက် ရန်ကုန်သို့ ပြည်ပမှ ရောက်ရှိလာကြသော သေဆုံးသူ ၄ ဦး၏ ကျန်ရစ်သူ ဆွေမျိုးသားချင်းများက အမှတ်တရ လွမ်းသူ့ပန်းခွေများ ချကြသည်။ 

img_4478.jpg

ဆစ်ဒနီ ဝစ်ဂင်တန်၏ အုတ်ဂူရှေ့၌ ဂယ်ဗင် ဝစ်ဂင်တန်နှင့် သူ့တူတော်မောင် အဲလက်စ် ဝစ်ဂင်တန်တို့ လွမ်းသူ့ပန်းခွေ ချနေစဉ်။ ဓာတ်ပုံ – ပံ့ပိုး

နောက်ဆုံး ပန်းခွေချသူကတော့ ဂယ်ဗင် ဝစ်ဂင်တန် Gavin Wigginton ပင် ဖြစ်သည်။ ဒုဗိုလ်မှူးကြီး ဆစ်ဒနီ ဝစ်ဂင်တန် Sydney Wigginton ဟု ရေးထိုးထားသော အုတ်ဂူရှေ့ သစ်သားစင်ပေါ်တွင် ပန်းခွေကို ချလိုက်ပြီးနောက် စက္ကန့်အနည်းငယ်ခန့် ငြိမ်သက်နေလိုက်သည်။

သူ မမြင်ဖူးခဲ့သော သူ၏ဖခင်ကို ထိုသို့အရိုအသေပေးခြင်းဖြင့် သြစတြေးလျနိုင်ငံ ဗစ်တိုရီးယား ကျေးလက်ဒေသမှ လန်ဒန် ခယူး Kew ဒေသရှိ အမျိုးသား မော်ကွန်းတိုက်သို့ ရောက်ရှိကာ ထိုမှတဆင့် ကရင်ပြည်နယ် တောင်တန်းများဆီသို့ သွားခဲ့ရသော သူ၏ သုံးနှစ်တာခရီးစဉ် ပြီးဆုံးခဲ့ရတော့သည်။

“ကျွန်တော် မှန်ကန်တဲ့ အလုပ်တစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပြီလို့ ထင်ပါတယ်။ အခုဆို တိုက်ပွဲမှာ ပျောက်ဆုံးခဲ့သူမဟုတ်တဲ့ အဖေ့ကို ကျွန်တော် လွမ်းဆွတ်အမှတ်တရ ဖြစ်လို့ရပါပြီ” ဟု သူက Frontier ကို ပြောသည်။

အုတ်ဂူနှင့် ကျောက်ခုံသည် ဂယ်ဗင် ဝစ်ဂင်တန်၏ အတင်းအကြပ် တောင်းဆိုချက် မပါဘဲ ထိုနေရာတွင် ရှိလာလိမ့်မည် မဟုတ်ပေ။ ၂၀၁၃ ခုနှစ်က သေဆုံးသွားသော မိခင်ကြီး ချန်ရစ်ခဲ့သည့် စာရွက်စာတမ်းများကို အခြေပြု၍ ဥရောပနှင့် အာရှဒေသ၌ စစ်ဖြစ်ပွားစဉ်က အကြောင်းအရာများကို လေ့လာရင်း သူ၏ဖခင်အကြောင်းကို ဂယ်ဗင်က လေ့လာခဲ့ခြင်း ဖြစ်သည်။

သူသည် အမျိုးသားမော်ကွန်းတိုက်သို့ ထိုနှစ်က သွားရောက်လေ့လာခဲ့ရာ သူ၏ ဖခင် ဆစ်ဒနီ ဝစ်ဂင်တန်သည် Sherwood Foresters တွင် စစ်မှုထမ်းခဲ့ပြီး ၁၉၄၂ ခုနှစ်တွင် Special Operations Executive – SOE ဆိုသည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သည်ဟု သိရှိခဲ့ရသည်။ ယင်းတပ်ဖွဲ့သည် ရန်သူ့နယ်မြေထဲ ဝင်ရောက်ကာ လျှို့ဝှက်စစ်ဆင်ရေး လုပ်ဆောင်ရသော တပ်ဖွဲ့ဖြစ်သည်။ သူ၏ စစ်အတွင်း လုပ်ဆောင်ချက်များကို ဆယ်စုနှစ်များစွာကြာအောင် လျှို့ဝှက်ထားခဲ့သည်။ ထိုအထဲတွင် Order of British Empire – OBE ဆုကို ရရှိခဲ့ခြင်းလည်း ပါဝင်သည်။ ယင်းတို့ကို ယခုအခါမှ သိရှိရခြင်း ဖြစ်သည်။

ထောက်ပို့အထူးတပ်သား တစ်ဦးဖြစ်သော ဆစ်ဒနီသည် ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် အရှေ့တောင်အာရှ စစ်မြေပြင်သို့ စေလွှတ်ခံခဲ့ရသည်။ ယင်းမှာ SOE တပ်ဖွဲ့က တိုင်းရင်းသား ကရင်သူပုန်များနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဖက်ဆစ်ဆန့်ကျင်ရေးတပ်ဖွဲ့တို့အတွက် လက်နက်များတပ်ဆင် လေ့ကျင့်ပေးနေချိန် ဖြစ်သည်။

စက်တင်ဘာလတွင် ဂျပန်က လက်နက်ချသွားသောအခါ ဆစ်ဒနီ၏ စစ်ဆင်ရေးလည်း ပြီးဆုံးသွားခဲ့သည်။ သို့သော် သူသည် နောက်ဆုံး တာဝန်တစ်ခု ကျန်ရစ်နေသည်။ ယင်းမှာ မကြာသေးမီက လွှတ်လိုက်သော စစ်သုံ့ပန်းများအား တွေ့ဆုံစစ်ဆေးရန် ဖြစ်သည်။

စက်တင်ဘာလ ၇ ရက်တွင် ဒါကိုတာ ကေအင်န် ၅၈၄ လေယာဉ်သည် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှ တောင်ငူကိုဖြတ်ကာ ကာလကတ္တားမြို့သို့ သွားချိန်တွင် ဆစ်ဒနီသည် ဇနီးဖြစ်သူ ယူနစ် Eunice ထံမှ ပြန်လာသည်မှာ တစ်ပတ်သာ ရှိသေးသည်။ ထိုအချိန်က ယူနစ်သည် ဂယ်ဗင်၏ ကိုယ်ဝန်ကို လွယ်ထားရပြီး သားငယ် မိုက်ကယ်နှင့်အတူ ရှိနေသည်။

တောင်ငူသို့သွားရာ လမ်းပေါ်ရှိ မဲဝိုင်းဒေသတွင် လေယာဉ်သည် SOE များက ကရင်တိုင်းရင်းသားများကို လေ့ကျင့်ပေးနေသော နေရာ၌ ရိက္ခာများ ချပေးရမည် ဖြစ်သည်။

ရန်ကုန်မှ ထွက်ခွာပြီး မကြာမီ လေယာဉ်သည် ရာသီဥတု ဆိုးရွားမှုနှင့် ကြုံတွေ့ပြီး ရိက္ခာချပေးရမည့် နေရာကို ရှာမတွေ့နိုင် ဖြစ်နေသည်။ ထို့နောက် အနီးအနားမှ တောင်ကုန်းတစ်ခုနှင့် တိုက်မိပြီး ပျက်ကျသွားခဲ့သည်။ ယင်းမှာ ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာ့စစ်မြေပြင်တွင် နောက်ဆုံး ပျက်ကျခဲ့သော လေယာဉ်ဖြစ်သည်။

8_1.jpg

နိုဝင်ဘာ ၁၃ က အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး အင်ဒရူး ပက်ထရစ်။ ဓာတ်ပုံ – သောမတ်စ် ကင်း(န်)

၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် အရာထမ်း တစ်ဦးသည် ထိုနေရာသို့ ရောက်လာပြီး ဒေသခံများနှင့်အတူ ရနိုင်သမျှရုပ်ကြွင်းများကို ရှာဖွေကာ မဲဝိုင်းဒေသရှိ ဘုန်းကြီးကျောင်းဝင်းထဲတွင် မြှုပ်နှံပေးခဲ့သည်။

မဲဝိုင်းဒေသသည် တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး ကေအင်န်ယူများလည်း လှည့်လည် သွားလာလေ့ရှိသော အညိုရောင်နယ်မြေဖြစ်၍ ထိုဒေသသို့ သွားရောက်ရန်မှာ ခဲယဉ်းလှသည်။ ဆစ်ဒနီ ဝစ်ဂင်တန်သည် ကရင်တိုင်းရင်းသူ နော်ဂျာစီနှင့် အဆက်အသွယ် ရရှိခဲ့သည်။ နော်ဂျာစီက သူ့သားဖြစ်သူ အက်ဖ်ရိမ်နှင့်အတူ ထိုရွာသို့သွားကာ ဘုန်းကြီးကျောင်းအတွင်းရှိ ရုပ်ကြွင်းများမြှုပ်ထားသော မြေပုံကြီးကို တွေ့ရှိပြီး လေယာဉ်ပျက်ကျမှုကို မြင်တွေ့ခဲ့ရသော ဒေသခံအဖိုးအို တစ်ဦးနှင့်လည်း စကားပြောဆိုခဲ့သည်။

ဆယ်စုနှစ်များကြာအောင် ဒါကိုတာလေယာဉ်ပေါ် သေဆုံးခဲ့သူ ၁၆ ဦးကို ထောက်ကြန့် စစ်သချုႋင်းတွင် အသိအမှတ်ပြု အုတ်ဂူများ စိုက်ထူပေးထားခဲ့သည်။ ထောက်ကြန့်စစ်သချုႋင်းသည် မြန်မာပြည် စစ်ဆင်ရေးတွင် ကျဆုံးသွားသော စစ်သည် ၂၇,၀၀၀ အတွက် အမှတ်တရ ထားရှိသော နေရာဖြစ်ပြီး ယင်းတို့မှာ မူလမြှုပ်နှံရာကို အတိအကျ မသိသော စစ်သည်အများစုအတွက် ဖြစ်သည်။

ထို ၁၆ ဦးသည် မြှုပ်နှံထားသော နေရာကို အတိအကျ သိရှိသဖြင့် ဆစ်ဒနီသည် မဟာမိတ် စစ်သချုႋင်း ကော်မရှင် Commonwealth War Graves Commission ထံသို့ တောင်းဆိုမှု တစ်ခုကို တင်ပြခဲ့သည်။ CWGC သည် ထောက်ကြန့် စစ်သချုႋင်းကို စီမံခန့်ခွဲသော အဖွဲ့အစည်း ဖြစ်သည်။ သူသည် သေဆုံးသူ ၁၆ ဦးအတွက် သီးခြား အထိမ်းအမှတ် တစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အထူးစစ်ဆင်ရေးဖြင့် လေယာဉ်ပျက်ကျရာနှင့် မြုပ်နှံထားသော နေရာကို သူ လေ့လာသိရှိထားသဖြင့် သူ၏ တောင်းဆိုမှုသည် ခိုင်မာခဲ့သည်။

CWGC ၏ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ပီတာ ဖရန်စစ်၏ ပြောကြားချက်အရ သေဆုံးသူများ၏ မိသားစုဝင်များနှင့် ညှိနှိုင်းခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ဆွေးနွေးကာ အခြားနည်းလမ်းအားဖြင့် မြှုပ်နှံထားရာ နေရာကို အထိမ်းအမှတ် ပြုလုပ်ပေးနိုင်ရန် ဆွေးနွေးခဲ့သည်ဟု သိရသည်။

“သေဆုံးသွားတဲ့ သူတွေကို မြှုပ်နှံထားတဲ့ နေရာက သီးခြားရှိနေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ လက်ရှိအနေအထားမှာ ဒီနေရာကို သွားရောက်ပြီး ထိန်းသိမ်းဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး” ဟု မစ္စတာ ပီတာ ဖရန်စစ်က Frontier ကို ပြောသည်။

ကော်မရှင်သည် Duhallow block ဟု ခေါ်ဆိုသော ကျောက်ထွင်းမှတ်တိုင်များဖြင့် အထိမ်းအမှတ် ပြုလုပ်ပေးရန် ဆုံးဖြတ်ခဲ့သည်။ ယင်းကို CWGC က ပထမ ကမ္ဘာစစ်အပြီးတွင် စတင်မိတ်ဆက် လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ တိုက်ပွဲအတွင်း သေဆုံးသွားပြီး သချုႋင်းတစ်ခု၌ မြှုပ်နှံထားသော်လည်း ထိုသချုႋင်းမှာ ဗုံးကြဲခံရပြီး ပျက်စီးသွားသောအခါမျိုးနှင့် မြှုပ်နှံထားသည့်နေရာကို အခြားအကြောင်းကိစ္စကြောင့် ထိန်းသိမ်း၍ မရနိုင်သောအခါတို့တွင် အထိမ်းအမှတ် ပြုလုပ်ပေးရန် သုံးလေ့ရှိသည်။

dsc01461.jpg

ကရင်ပြည်နယ်၊ မဲဝိုင်းရွာ ဘုန်းကြီးကျောင်းဝင်းရှိ စစ်သည် ၁၆ ဦး၏ မြေပုံ၌ စိုက်ထူထားသည့် လက်ဝါးကပ်တိုင်။ ဓာတ်ပုံ – ပံ့ပိုး

ပြင်သစ်နိုင်ငံ မြောက်ပိုင်းရှိ CWGC ၏ အထိမ်းအမှတ် ကျောက်ခုံနှင့် အုတ်ဂူထွင်းထုသော စင်တာတွင် ထုလုပ်သော ထိုကျောက်တုံး၌ လေယာဉ်ပျက်ကျ၍ သေဆုံးသွားသူများ၏ အသေးစိတ် အချက်အလက်များကို ထွင်းထုပေးထားသည်။ ကျောက်တုံးပေါ်ရှိ ကြေးပြားများကို သြစတြေးလျနိုင်ငံတွင် ထုတ်လုပ်ခဲ့ပြီး ထိုစီမံကိန်းသည် ပြီးစီးသည်အထိ တစ်နှစ်သာ ကြာမြင့်ခဲ့သည်။

ဒါကိုတာ ကေအင်န် ၅၈၄ လေယာဉ်ပေါ်မှ သေဆုံးသွားသူများအတွက် ရန်ကုန်တွင် အထိမ်းအမှတ်ပွဲ တစ်ပွဲ ပြုလုပ်မည်ဟု မစ္စတာ ခရစ်တိုဖာ ဝှိုင်းဘရိုး Mr. Christopher Whybrow က သိရှိသောအခါ သူလည်း ထိုပွဲသို့ တက်ရောက်ရန် စီစဉ်ခဲ့သည်။ သူ၏ ဦးလေးဖြစ်သူ ဒုဗိုလ်မှူးကြီး အဂ္ဂါ ကနေဒီ Edgar Kennedy သည် SOE တွင် ဆစ်ဒနီ ဝစ်ဂင်တန်နှင့်အတူ တာဝန်ထမ်းခဲ့သူ ဖြစ်သည်။ သူသည်လည်း သူ၏ လျှို့ဝှက်စစ်ဆင်ရေးတာဝန် ထမ်းဆောင်မှုအတွက် OBE ဘွဲ့တံဆိပ်ကို ရရှိခဲ့သူ ဖြစ်သည်။

ဝှိုင်းဘရိုးက သူသည် သူ့ဦးလေး၏ ဘဝဖြစ်စဉ်ကို စိတ်ဝင်စားခဲ့ကြောင်း၊ လွန်ခဲ့သော နှစ်အနည်းငယ်က အငြိမ်းစားယူအပြီး သူ့ဦးလေးအကြောင်း လေ့လာခဲ့ကြောင်း ဆိုသည်။

“ကျွန်တော်က ဦးလေး အဂ္ဂါအကြောင်းကို ငယ်ငယ်ကတည်းက သိခဲ့ရတာ။ ၁၉၄၄ ခုနှစ် နိုဝင်ဘာလမှာ သူ ခွင့်ယူတော့ ကျွန်တော့် မိဘတွေနဲ့ လာနေခဲ့တယ်။ အဲဒီတုန်းက ကျွန်တော့်အသက် ၂ နှစ်ပဲ ရှိသေးတယ်။ ကျွန်တော့်အမေကလည်း သူ့ကို ချစ်တယ်။ သူ့ကို မိသားစုထဲမှာ သူရဲကောင်းလို သဘောထားကြတယ်” ဟု ဝှိုင်းဘရိုးက ပြောပြသည်။

အဂ္ဂါ ကနေဒီ၏ မိသားစုဝင်များကသာ သူ့ကို လေးစားကြသည် မဟုတ်ပေ။ လေယာဉ်ပျက်ကျအပြီး သူ၏ အထက်အရာရှိ ဗိုလ်မှူးကြီးကမ်းမင်းသည် ကနေဒီ၏ ဇနီးထံသို့ စာရေးအကြောင်းကြားကာ မြန်မာနိုင်ငံတွင် ကနေဒီ လုပ်ဆောင်ခဲ့သော လျှို့ဝှက် စစ်ဆင်ရေးအတွက် ချီးကျူးဂုဏ်ပြုခဲ့သည်။

“အချိန်တိုအတွင်းမှာပဲ သူက အရာအားလုံးကို စီစဉ်ဆောင်ရွက်နိုင်ခဲ့တယ်။ ကျွန်တော်တို့ မျှော်လင့်ထားတာထက် ပိုပြီးအများကြီး အောင်မြင်ခဲ့တယ်။ ဒါတွေက သူ့ကြောင့် ရရှိခဲ့တာပါ” ဟု ရေးသားခဲ့သည်။

နိုဝင်ဘာလ ၁၃ ရက်က အခမ်းအနား တက်ရောက်ခဲ့သော ဝှိုင်းဘရိုးက ထိုအခမ်းအနားသည် အလွန်ပင် ပြည့်စုံကြောင်း၊ နေရာလည်း ကောင်းကြောင်း၊ သူ့ဦးလေးအတွက် အသင့်တော်ဆုံး ဖြစ်ကြောင်း ဆိုသည်။

“CWGC ကို ကျွန်တော် ဘယ်လောက် ကျေးဇူးတင်တယ်ဆိုတာ ပြောမပြတတ်အောင်ပါပဲ။ ဒီဆောင်ရွက်မှုကြောင့် ကျွန်တော့်ဘဝရဲ့ လှုပ်ရှားမှုတွေ စတင်ခဲ့တာပါ” ဟု သူကဆိုသည်။

ထောက်ကြန့်တွင် အထိမ်းအမှတ် နေရာလုပ်ရန် လျာထားပြီးသည့်တိုင် မဲဝိုင်းမှ သချုႋင်း၏ အနာဂတ်ကမူ  သိပ်မရေရာလှသေးချေ။ CWGC မှ Francis က ပြောကြားရာတွင် ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ရရှိသွားသည့်တိုင် မြှုပ်ထားသော ရုပ်ကြွင်းများကို ထောက်ကြန့်သို့ ပြန်ပို့ရန်မှာ အဆင်မပြေလှဟု ဆိုသည်။

“မြှုပ်ထားတဲ့ နေရာကို သွားရတာ လွယ်ကူလာရင်တော့ ဒီနေရာကို အထိမ်းအမှတ် နေရာတစ်ခုအနေနဲ့ လုပ်ဆောင်ဖို့ စဉ်းစားနိုင်တယ်။ ကြွင်းကျန်ရစ်တဲ့ အရိုးစုတွေကို တူးဖော်ပြီး ထောက်ကြန့်ကို ရွှေ့တာက နောက်ဆုံးရွေးရမယ့် နည်းလမ်းပဲ။ ဘာလို့လဲဆိုတော့ သေဆုံးသွားသူတွေ ငြိမ်းချမ်းစွာ အနားယူဖို့ လိုပါတယ်” ဟု သူက ပြောသည်။

ဂယ်ဗင် ဝစ်ဂင်တန်နှင့် ခရစ်တိုဖာ ဝှိုင်းဘရိုးတို့ နှစ်ဦးစလုံးက တသဘောတည်း ဆန္ဒထုတ်ဖော်ကြသည်။

“ကျွန်တော့်မိသားစုဝင်တွေနဲ့ ကျွန်တော်ကတော့ ကြွင်းကျန်တဲ့ အရိုးစုတွေကို သူတို့ အနှစ် ၇၀ လုံးလုံး လဲလျောင်းခဲ့တဲ့ နေရာမှာပဲ ထားရှိစေချင်တယ်။ ဒီနေရာမှာ လုံခြုံရေးတွေ ကောင်းလာပြီဆိုရင်တော့ အထိမ်းအမှတ်နေရာလုပ်ပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဝှိုင်းဘရိုးက ပြောသည်။

“ဒေသခံတွေရဲ့ သဘောထားအပေါ် မူတည်ပါတယ်။ ကေအင်န် ၅၈၄ ပေါ် သေဆုံးသွားသူတွေက တိုင်းရင်းသား ကရင်လူမျိုးတွေနဲ့တွဲပြီး ဗြိတိသျှအတွက် တိုက်ပွဲဝင်ခဲ့သူတွေပါ။ ဒါက ဒီနိုင်ငံရဲ့ သမိုင်းကြောင်း တစ်ခုပါပဲ။ ကရင်တွေနဲ့ တွဲတိုက်ခဲ့တဲ့ စစ်သားတွေကို ဒီမဲဝိုင်းဒေသမှာပဲ မြှုပ်နှံတာက သမိုင်းတန်ဖိုး ရှိပါတယ်” ဟု ဝစ်ဂင်တန်က ဆိုသည်။

နှစ်များစွာ ကြာလာပြီဖြစ်၍ အမှတ်တရ အထိမ်းအမှတ်လုပ်ရန် နေရာမှာ အရေးကြီးနိုင်သေးသလော။ သေဆုံးသွားသူများ၏ ဆွေမျိုးများအတွက်မူ ယင်းမှာ အလွန်အရေးပါသည်။ နိုဝင်ဘာလ ၁၃ ရက်တွင် ပြုလုပ်သော အထိမ်းအမှတ်ပွဲသို့ သြစတြေးလျ၊ ကနေဒါ၊ ဗြိတိန်နိုင်ငံများမှ လာရောက်ရသည်အထိ အရေးပါသည်။

“ကိုယ့်ရှေ့က ဘိုးဘွားတွေရဲ့ ရုပ်ကြွင်းတွေ၊ ကြွင်းကျန်ပစ္စည်းတွေက အဓိပ္ပာယ်ရှိပါတယ်” ဟု ဝစ်ဂင်တန်က ပြောသည်။ ၎င်းသည် မကြာသေးမီက သူ့ဖခင်၏ အတ္ထုပတ္တိမူကြမ်းကို ရေးသားပြီးစီးခဲ့သည်။

“ဘိုးဘွားတွေရဲ့ အကြွင်းအကျန်တွေက သင့် လက်ရှိဘဝနေထိုင်မှုကို ဘယ်လိုမှ သက်ရောက်မှုမရှိပေမဲ့ သူတို့က သင်ဘယ်သူဖြစ်တယ် ဆိုတာကို ဖော်ပြပေးနိုင်ပါတယ်။ သင်ဘာကြောင့် ဘယ်သူဖြစ်နေတယ် ဆိုတာကို ပြောပြနိုင်ပါတယ်။ သင့် မိသားစု နောက်ခံဇာတ်ကြောင်းနဲ့ သင့်ကို ချိတ်ဆက်ပေးနိုင်ပါတယ်။

“ပြီးခဲ့တဲ့ သုံးလေးနှစ်လောက်ကဆိုရင် ကျွန်တော် ဒီလိုစကားတွေ ပြောဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်က မိသားစုဝင်တွေအကြောင်း သိပ်စိတ်မဝင်စားတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတာပါ။ ဒါပေမဲ့ ကျွန်တော့်အဖေအကြောင်း လေ့လာခဲ့အပြီးမှာတော့ ကျွန်တော် ဘယ်သူဆိုတာ ပိုသိလာရတယ်။ ကျွန်တော်က ကျွန်တော့်အဖေရဲ့ သားပဲ”

ရန်ကုန်မြို့ ထောက်ကြန့် စစ်သချုႋင်းရှိ ကျောက်ခုံများပေါ်မှ ကြေးပြားများတွင် ရေးထိုးထားသော နာမည်တိုင်းအတွက် အဆိုပါနာမည်ရှင်တို့ထံ၌ အနစ်နာခံမှု၊ ဆုံးရှုံးမှု သမိုင်းကြောင်းများ ရှိနေပါသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ကေအင်န် ၅၈၄ လေယာဉ်ပျက်ကျရာတွင် သေဆုံးခဲ့သော မဟာမိတ်စစ်သည် ၁၆ ဦး၏ ထောက်ကြန့်စစ်သချုႋင်းရှိ အုတ်ဂူများဘေးမှ ကျောက်ထွင်းမှတ်တိုင်။ ဓာတ်ပုံ – သောမတ်စ် ကင်း(န်)

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.