ပြည်ပတရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၏ အငြင်းပွားဖွယ်ရာစီမံကိန်းသုံးခုအနက်မှ ကရင်ပြည်နယ် မြဝတီမြို့နယ်မှ ရွှေကုက္ကိုစီမံကိန်း။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ကရင်ပြည်နယ်ရှိ ပုဂ္ဂလိက တရုတ်ရင်းနှီးမြှုပ်နှံမှုများအကြောင်းရှင်းတမ်း

ခေတ်သစ်ပိုးလမ်းမစီမံကိန်း၏တစိတ်တပိုင်းအဖြစ် အကောင်အထည်ဖော်လျက်ရှိကြောင်း ပြောဆိုမှုများ ရှိနေသော်လည်း ကရင်ပြည်နယ်အတွင်းရှိ အငြင်းပွားဖွယ်ရာစီမံကိန်းသုံးခုကို ဆွေးနွေးချိန်၌ တရုတ်လူမျိုးနှင့် ပြည်ပ တရုတ်တိုင်းရင်းသားလူမျိုးတို့ကို ခွဲခြားပြရန် အရေးကြီးပါသည်။

ယွန်ဆန် ရေးသားသည်။

၂၀၁၉ ခုနှစ်မှစပြီး မြန်မာနိုင်ငံ၏ တရားမဝင်စီးပွားရေးများ၊ အထူးသဖြင့် ကရင်ပြည်နယ်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် လောင်းကစားရုံများ ဖွင့်လှစ်ထားရာတွင် တရုတ်ပြည်မှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်း မြင့်တက်လာမှုအတွက် တရုတ်နိုင်ငံတွင် တာဝန်ရှိကြောင်း ယူဆသည်။

သို့သော် အဆိုပါ ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းနောက်ခံနှင့် မှတ်ပုံတင်ထားမှုများအပြင် စီမံခန့်ခွဲမှုပုံစံနှင့်အဓိက ငွေကြေးလည်ပတ်မှု အရင်းအမြစ် အထောက်အထားမှတ်တမ်းများကို အသေးစိတ် စစ်ဆေးမှု၌ တရုတ်ပြည် ပြင်ပမှ ငွေအရင်းအနှီးဖြင့် ဟောင်ကောင်တွင် လုပ်ငန်းမှတ်ပုံတင်ထားသော ကုမ္ပဏီများမှတဆင့် ပြည်ပမှ တရုတ်လူမျိုးများ မြန်မာနိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုများတွင် ပါဝင်ပတ်သက်နေကြောင်း ကွဲပြားခြားနားသည့် အဖြစ်မှန်ကို ဖော်ထုတ်နိုင်ခဲ့သည်။

တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကနဦးအဆင့်များ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ၎င်းတို့၏ စီမံကိန်းများကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုများက တရုတ်ပြည် အပြင်ဘက်ခြမ်းမှ ဖြစ်နေသောကြောင့် တရုတ်ပြည်တရားစီရင်ပိုင်ခွင့်ဖြင့် ထိုရင်းနှီးမြှုပ်နှံမှုများ ရှိနေခြင်းကို တာဝန်ယူဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်းသိရသည်။ မည်သို့ပင်ဆိုစေကာမူ ထိုစီမံကိန်းများသည် ၎င်း၏ အမျိုးသားအကျိုးစီးပွားအတွက် ပျက်စီးဆုံးရှုံးမှုများ ရှိလာနိုင်ကြောင်း တရုတ်နိုင်ငံက သတိပြုသင့်သည်။ တရုတ်ပြည်ကိုယ်တိုင် ထိုသို့သော ရင်းနှီးမြှုပ်နှံမှုများထည့်ဝင်ထားသော စီမံကိန်းများနှင့် ခပ်ခွာခွာနေသင့်ပြီး ဖြစ်နိုင်ခဲ့သည်ရှိသော် ၎င်းတို့အား ဆန့်ကျင်အရေးယူရာတွင် ပါဝင်ပူးပေါင်းဆောင်ရွက်သင့်သည်။

၂၀၁၉ ခုနှစ်တွင်စတင် ပြောဆိုစွပ်စွဲချက်အရ ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ပုဂ္ဂလိကပိုင် တရုတ်ရင်းနှီးမြုပ်နှံမှုရှိသည့် စီမံကိန်းသုံးခုမှာ မြန်မာလေ့လာသူများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ ထို စီမံကိန်းသုံးခုအနက် ပထမဆုံး နှင့်စိတ်ဝင်စားခံရမှုအများဆုံးမှာ ရွှေကုက္ကိုရှိ ရထိုင်မြို့သစ်စီမံကိန်း Yatai New City Project ဖြစ်သည်။ မကြာသေးခင်အချိန်က Saixigang စက်မှုဇုန်စီမံကိန်းနှင့် Huanya International City စီမံကိန်းတို့ ပေါ်ထွက်လာခဲ့သည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်ပတ်သက်ပြီး ဟိတ်ဟန်များသော စီမံကိန်းထုတ်ပြန်ချက်များရှိနေသော်လည်း ယင်းတို့သည် အမှန်စင်စစ် တကယ့်လောင်းကစားရုံ အပန်းဖြေစခန်းများ ဖြစ်ကြောင်း တရုတ်ပြည်မှ သုံးစွဲသူများကို အဓိက ပစ်မှတ်ထားသော အွန်လိုင်းလောင်းကစားလိမ်လည်မှု လုပ်ငန်းများကို အခြေစိုက်ဖွင့်လှစ်သွားမည်ဟု ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားသည်။ ထိုစီမံကိန်းများသည် အရှေ့တောင်အာရှအနှံ့ ကာစီနိုလောင်းကစားရုံများနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ ကျယ်ပြန့်စွာ ပျံ့နှံ့လာခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံအတွင်း အစိုးရက စီမံချက်ချမှတ်ပြီး ထိုလုပ်ငန်းများကို အရေးယူ နှိမ်နင်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအတွင်းကို တစိတ်တပိုင်း ပြောင်းရွှေ့ ရောက်ရှိလာခဲ့သည်။

ထိုစီမံကိန်းများနှင့် ဆက်စပ်သော ပြဿနာများ၏ အဓိကမှာ တရုတ်ပြည်ပင်ဖြစ်သည်။ ထိုစီမံကိန်းများ၏ ပိုင်ရှင်များကို “တရုတ်စီးပွားရေးလုပ်ငန်းများ” အဖြစ်၊ ၎င်းတို့၏ ဘဏ္ဍာရေးထောက်ပံ့မှုကို “တရုတ်ပြည်မှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု” အဖြစ် အပြင် ရာဇဝတ်ဂိုဏ်းကွန်ရက်ကို “တရုတ်မာဖီးယား” ဆိုပြီး သုံးနှုန်းကြသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကို တရုတ်ပြည်၏ တရားဝင် လုပ်ဆောင်မှုများအဖြစ် “ပုဂ္ဂလိက” သို့မဟုတ် “တရားဝင်မဟုတ်သော” အဖြစ် ခွဲခြားသတ်မှတ်ထားသော်လည်း အတိအလင်းဖြစ်စေ၊ အကြွင်းမဲ့ ဖြစ်စေ တရုတ်ပြည်အစိုးရ၏ ခွင့်ပြုချက်၊ ထောက်ခံချက်နှင့် ထောက်ပံ့ကူညီမှုများ ရှိနေသည်က ပါဝင်ပတ်သက်နေမှုကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

ထိုအမြင်ကို အစိုးရအမည်ခံ အဖွဲ့အစည်းများနှင့် အစိုးရပိုင်လုပ်ငန်းများအပါအဝင် တရုတ်လုပ်ငန်းရှင်များ၏ ပါဝင်မှုက ထပ်မံအားဖြည့်ထားသည်။ ပုဂ္ဂလိက တရုတ်လှုပ်ရှားမှုများကိုတရားဝင် ပြန်လည်သုံးသပ်ခြင်းနှင့် ခွင့်ပြုချက်ဆိုင်ရာ လုပ်ငန်းစဉ်ကို ဆောင်ရွက်နေစဉ်ကတည်းက ထိုကဲ့သို့ မရှင်းလင်းသည့်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် တရုတ်နိုင်ငံက ခွင့်ပြုလိုက်သည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး အရေးကြီးသော မေးခွန်းများ ပိုမို များပြားလာခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ၎င်း၏အစဉ်အလာ သြဇာလွှမ်းမိုးမှု နယ်ပယ်ထက် ကျော်လွန်ပြီး သြဇာလွှမ်းမိုးမှုကို တိုးချဲ့ရန်အလို့ငှာ ထိုသို့သော ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် လမ်းကြောင်းများကို အသုံးချလျက်ရှိသည်ကို အများက စိုးရိမ်ပူပန်လျက်ရှိသည်။

သူတို့က တရုတ်ပြည်ကလား

တရုတ်အစိုးရက အတည်ပြုပြီး တရုတ်ပြည်မှ စီမံကိန်းများဖြစ်ကြောင်း ယူဆချက်တစ်ခုအပေါ် ယင်းကိစ္စများက အခြေခံသည်။ ၎င်းတို့က တရုတ်လိုပင် နောက်ဆုံးတွင် တရုတ်အက္ခရာများဖြင့် “Yatai” (亚太)၊ “Saixigang” (塞西港) နှင့် “Huanya” (环亚)  တရုတ်စကားလုံးများကို အသုံးပြုသည်။ ထို့နောက် အဓိက ရင်းနှီးမြှုပ်နှံသူများဖြစ်သည့် She Lunkai (佘伦凯) နှင့် Wan Kuok-koi (尹国驹) တို့သည်လည်း တရုတ်အမည်နှင့် တရုတ်တိုင်းရင်းသားလူမျိုးများဖြစ်ကြသည်။

ထိုနည်းတူ ၎င်းတို့၏ကုမ္ပဏီများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် တရုတ်ဘာသာစကားကို ကျယ်ပြန့်စွာ အသုံးပြုကြသည်။ရွှေကုက္ကိုရှိ Yatai မြို့တော် စီမံကိန်းသည် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းများလက်အောက်ရှိ တရုတ်-မြန်မာ-ထိုင်း စီးပွားရေး စင်္ကြံအစိတ်အပိုင်းတစ်ခုပင်ဖြစ်ပြီး တကယ်တမ်းတွင် စင်္ကြံနှင့်ပတ်သက်သော ကိုးကားချက်များ Yatai ကုမ္ပဏီမှ ဖြစ်သော်လည်း ၎င်း၏ ကုမ္ပဏီ ရှိမရှိကို တရုတ်အစိုးရက အသိအမှတ်ပြုထားခြင်း မရှိပါ။

အနည်းငယ် ဆက်လက်ဖော်ထုတ်ရာတွင် နောက်ထပ် ကွဲပြားခြားနားသည့် အမြင်တစ်ခုကို တွေ့ရသည်။ ပထမဦးစွာ အဆိုပါ ရင်းနှီးမြှုပ်နှံသူများသည် တရုတ်တိုင်းရင်းသားလူမျိုးများ ဖြစ်သော်လည်း တရုတ်အစိုးရ၏ တရားစီရင်ပိုင်ခွင့် အောက်တွင် မရှိသော တရုတ်နိုင်ငံ၏ အပြင်ဘက်တွင် နေထိုင်ကြသူများဖြစ်ကြသည်။ Yatai International Holdings Group ၏ ဥက္ကဋ္ဌ မစ္စတာ She Lunkai က တရုတ်ပြည်တွင် မွေးဖွားခဲ့သော်လည်း ကမ္ဘောဒီးယားနိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံသား တရုတ်လူမျိုးအဖြစ် Yatai ကို တသမတ်တည်း ဖော်ပြခဲ့သည်။

Saixigang စက်မှုဇုန်စီမံကိန်းကို အဓိက ရင်းနှီးမြှုပ်နှံသူ Dongmei Group ဥက္ကဋ္ဌ Wan Kuok-ki သည် မကာအို နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မကာအိုနိုင်ငံသား တစ်ဦးဖြစ်သည်။ စွပ်စွဲခံထားရသော Dongmei Groupကို ပူးတွဲတည်ထောင်သူနှင့် ဥက္ကဋ္ဌ Datuk Abdul Shakor နှင့် Dr Mashitah Binti Ibrahim တို့ နှစ်ဦးစလုံးသည်လည်း မလေးရှားလူမျိုးများဖြစ်သည်။ The Huanya International Holdings Group ကိုလည်း ထိုင်းနိုင်ငံရှိ တရုတ်နိုင်ငံခြားသားများက တည်ထောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

တရားစီရင်ပိုင်ခွင့်ကို ဆုံးဖြတ်နိုင်ရန် အဓိက စီးပွားရေးလုပ်ငန်းရှင်များသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် တည်နေရာအထောက်အထားတို့သည် အလွန်အရေးကြီးသည်။ တရုတ်ရာဇဝတ်မှုနှင့် နိုင်ငံသား ဥပဒေသည် နယ်နိမိတ်စည်းမျဉ်းဆိုင်ရာကို လိုက်နာပြီး တရုတ်နိုင်ငံပြင်ပရှိ တရုတ်လူမျိုးများနှင့် မသက်ဆိုင်ပါ။ နိုင်ငံသားမူအရ နိုင်ငံခြားအာဏာပိုင်များက တောင်းဆိုခဲ့ပါက တရုတ်ပြည်အပြင်ဘက်ရှိ တရုတ်နိုင်ငံသားများကို တရားစွဲဆိုနိုင်သော ဖြည့်စွက်လျှောက်ထားချက်တစ်ခု တရုတ်ရာဇဝတ်မှုဆိုင်ရာဥပဒေတွင် ရှိသည်။

ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်တို့ကို တရားဝင် တရုတ်နိုင်ငံပိုင် နယ်မြေများအဖြစ် ရှုမြင်နိုင်သော်လည်း လက်တွေ့တွင်မူ ယင်းတို့ကို သီးခြားအကောက်ခွန်ဒေသများ ဖြစ်ကြပြီး ပေကျင်းတရားစီရင်ပိုင်ခွင့် မရှိသောကြောင့် “တရုတ်နယ်စပ်အပြင်ဘက်” အဖြစ် သတ်မှတ်ထားသည်။ She Lunkai၊ Wan Kuok-koi၊ မလေးရှားမှ လုပ်ဖော်ကိုင်ဖက်များနှင့် ထိုင်းနိုင်ငံရှိ ပြည်ပတရုတ်လူမျိုးများသည် “တရုတ်နယ်စပ်အပြင်ဘက်” အဖြစ် သတ်မှတ်ထားသောကြောင့် တရုတ်အစိုးရက ၎င်းတို့ကို တရားစီရင်ပိုင်ခွင့် မရှိကြောင်းသိရသည်။

ပိုပြီး အရေးကြီးသော အချက်မှာ ၎င်းတို့ ကုမ္ပဏီများ၏ မှတ်ပုံတင်ရာ နိုင်ငံအထောက်အထားပင်ဖြစ်သည်။ နယ်နိမိတ်စည်းမျဉ်းမူ သတ်မှတ်ချက်အရ ကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ငန်းမှတ်ပုံတင်ထားသော၊ လုပ်ငန်းလုပ်ကိုင်လျက်ရှိသော အရပ်(ထိုကိစ္စများတွင် ဥပမာ မြန်မာနိုင်ငံ) ၏ တရားစီရင်ပိုင်ခွင့်အောက်တွင် ရှိသည်။ Yatai ကုမ္ပဏီသည် ဟောင်ကောင်တွင် ကုမ္ပဏီမှတ်ပုံတင်ထားပြီး ဘန်ကောက်တွင် အခြေစိုက်သည်။

Dongmei နှင့် Huanya တို့၏ကုမ္ပဏီများ မှတ်ပုံတင်ထားခြင်းရှိမရှိ မသိရသော်လည်း ယင်းတို့ နှစ်ခုစလုံးကို ဟောင်ကောင်စီးပွားရေး မှတ်ပုံတင်စာရင်းတွင် တွေ့ရှိနိုင်သည်။ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည်ဟု ဆိုရခြင်းမှာ ယင်းကုမ္ပဏီများ၏ လှုပ်ရှားမှုများသည် ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အခြေအနေကြောင့် တရုတ်နိုင်ငံ၏ တရားစီရင်ပိုင်ခွင့်ပြင်ပနှင့် သီးခြား အကောက်ခွန်ဒေသတွင် ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဟောင်ကောင်တွင် စီးပွားရေးလုပ်ငန်းတစ်ခု မှတ်ပုံတင်ခြင်း၏ အရေးကြီးအကျိုးကျေးဇူးများအနက်တစ်ခုမှာ လွတ်လပ်စွာ ငွေရင်းစီးဆင်းနိုင်မှုပင်ဖြစ်သည်။

တရုတ်ပြည်မကြီးရှိ ကုမ္ပဏီများသည် နိုင်ငံခြားငွေ ရရှိရန်နှင့် ပြည်ပရင်းနှီးမြုပ်နှံမှုအတွက် ငွေကြေးလွဲပြောင်းရန် အစိုးရ၏ခွင့်ပြုချက် ရရှိရန်လိုအပ်ပြီး ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများက ထိုကဲ့သို့သော စိစစ်ခြင်း၊ သို့မဟုတ် ကန့်သတ်ခြင်း မခံရပါ။ ထို့ကြောင့် မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု စာရင်းတွင် တရုတ်၊ ဟောင်ကောင်နှင့် မကာအိုတို့ကို မတူညီသော အရင်းအမြစ်သုံးခုမှ ရင်းနှီးမြုပ်နှံမှုများကို ခွဲခြားသိရှိနိုင်ရန် သီးခြားစာရင်းပြုထားသည်။ တရားမဝင် တရုတ်သြဇာလွှမ်းမိုးမှုနှင့်ပတ်သက်ပြီး မေးခွန်းထုတ်နိုင်သော်လည်း အဆိုပါရင်းနှီးမြှုပ်နှံမှုများကို တရုတ်ပြည်ရင်းနှီးမြှုပ်နှံမှုများအဖြစ် မသတ်မှတ်နိုင်ကြောင်းသိရသည်။

ထို့အပြင် Yatai၊ Dongmei နှင့် Huanya တို့ကို ရည်ညွှန်းထားသည့်အချက်များအရ တရုတ်အစိုးရသည် ၎င်းတို့၏ စီမံခန့်ခွဲမှု၊ သို့မဟုတ် စီမံကိန်း ရန်ပုံငွေတွင် ပါဝင်ပတ်သက်မှုကို ဖော်ပြထားခြင်းမရှိကြောင်း တွေ့ရှိရသည်။ She Lunkai ၏ချမ်းသာမှုသည် ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ Yatai စီးပွားရေးလုပ်ငန်းများမှ ဖြစ်သည်ကို ရှင်းလင်းစွာ သိမြင်နိုင်သည်။ Wam Kuok-koi က ၎င်း၏ စည်းစိမ်အမြောက်အမြားကို ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် ရှာဖွေနိုင်ခဲ့သည်။ ထိုအချက်၏ အရေးပါမှုမှာ ကရင်ပြည်နယ်ရှိ စီမံကိန်းအတွက် ၎င်းတို့၏ ငွေကြေးထောက်ပံ့မှုသည် အခြားအရှေ့တောင်အာရှနိုင်ငံများရှိလုပ်ငန်းများမှ ဖြစ်ပါက တရုတ်နိုင်ငံက မည်သည့်နေရာတွင်မှ ဆုံးဖြတ်ချက်ချခြင်း၊ အတည်ပြုခြင်း စသည်တို့ကို ပြုလုပ်နိုင်ခြင်း မရှိသည့်အပြင် ထိုစီမံကိန်းများသည် ပုဂ္ဂလိက တရုတ်ရင်းနှီးမြှုပ်နှံမှုများ မဟုတ်ကြောင်းသိရသည်။

တရုတ်ပြည်က ဘယ်လိုမျိုး ပါဝင်ပတ်သက်နေသလဲ

Yatai နှင့် Dongmei Group တို့က ၎င်းတို့၏စီမံကိန်းများသည် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းများ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး တရုတ်အဖွဲ့အစည်းများနှင့်ဆက်ဆံရေးကို သက်သေအထောက်အထားအဖြစ်ပြသခဲ့သည်။ Dongmei စီမံကိန်းကိစ္စတွင် China Railway 21st Bureau Group Co. Ltd က Saixigang တွင် တရုတ်ယွမ်ငွေ သန်း ၃၃ဝ (ကန်ဒေါ်လာ ၄၆ ဒသမ ၆သန်း) ရင်းနှီးမြုပ်နှံမှု အတွက် Dongmei အုပ်စု နှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ China Railway 21st Bureau Group Co. Ltd အပါအဝင် အခြားမည်သည့် အရင်းအမြစ်ကမှ Dongmei မှ သီးခြားပြောဆိုချက်ကို အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြနိုင်ခြင်းမရှိပါ။

နှိုင်းယှဉ်မှုအရ Yatai ကုမ္ပဏီသည် တရုတ်ပြည်ရှိတရုတ်အဖွဲ့အစည်း အဓိကအားဖြင့် အမျိုးအစား နှစ်မျိုးဖြစ်သည့် အစိုးရအမည်ခံ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အစိုးရပိုင် စီးပွားရေးလုပ်ငန်းများနှင့် ပိုမိုထိရောက်သော ချိတ်ဆက်မှုများ ရှိသည်။  Yatai ကုမ္ပဏီသည် မည်သည့်တရားဝင်အစိုးရအေဂျင်စီနှင့်မှ တိုက်ရိုက်ဆက်သွယ်မှု အထောကိအထားမရှိကြောင်း တွေ့ရှိရသည်။

သို့သော် Yatai ကုမ္ပဏီသည် အစိုးရအမည်ခံ အရပ်ဘက်လူမှုအဖွဲ့အစည်း သုံးခုဖြစ်သော အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖလှယ်မှုစင်တာ (CCIEE, လူထုအခြေပြု အဖွဲ့အစည်းအဖြစ်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားသော အကြံပေးအဖွဲ့)၊ တရုတ်နိုင်ငံ ပြည်ပစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် ( CFOCE အကျိုးအမြတ်မယူသော လူမှုအသိုင်းအဝိုင်းအုပ်စု) ၊ CPPCC “တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ အတိုင်ပင်ခံညီလာခံ”သတင်းစာတို့နှင့် ဆက်သွယ်မှုများရှိသည်။

She Lunkai ၏ ဒုဥက္ကဋ္ဌမှာ CFOCE ဖြစ်ပြီး CPPCC outlet က Yatai New City စီမံကိန်းကို မြှင့်တင်ရန် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအပိုင်းများစွာကို လုပ်ကိုင်ပေးခဲ့သည်။ CCIEE လက်အောက်ရှိ အကြံပေးကုမ္ပဏီတစ်ခုက နည်းဗျူဟာ အကြံပေးနိုင်ရန် ၂၀၁၉ ခုနှစ်တွင် Yatai ကုမ္ပဏီနှင့် မိတ်ဖက်အဖြစ်လက်တွဲခဲ့သည်။

သို့သော် တရုတ်အစိုးရ အဖွဲ့အစည်းမဟုတ်သော CFOCE ၊ CPPCC ၊ CCIEE တို့နှင့် ဆက်ဆံရေးများကို အသေးစိတ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်လိုအပ်သည်။ CFOCE နှင့် CPPCC အဖွဲ့အစည်းတို့သည် ပြည်ပအတိုက်အခံများ လျော့နည်းစေရန်နှင့် တရုတ်မဟာမိတ်အဖွဲ့အစည်းများ၏ အရှိန်အဝါကို မြှင့်တင်ပေးသော၊ ညီညွတ်သော ရှေ့ပြေး အဖွဲ့အစည်းများဖြစ်သည်။ Yatai အတွက် ၎င်းတို့ဆောင်ရွက်ပေးနေသော ဆက်ဆံရေးအပိုင်း၏ရည်ရွယ်ချက်မှာ နိုင်ငံရပ်ခြား တရုတ်လုပ်ငန်းရှင်များ၏ ပုံရိပ်ကို မြှင့်တင်ခြင်းနှင့် ဒေသဆိုင်ရာ စီးပွားရေးများ၌ ၎င်းတို့၏ ပါဝင်မှုကို မြှင့်တင်ပေးခြင်း အပြင် တရုတ်လူမျိုးများအကြား တရုတ်ပြည်ကို ဘိုးဘွားပိုင်ဇာတိမြေအဖြစ် ထောက်ခံမှုပေးခြင်းတို့ဖြစ်သည်။

ထို သတင်းအချက်အလက်ဆိုင်ရာ ဆက်ဆံရေးပိုင်းက ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ထောက်ပံ့ပါဝင်ခြင်းမျိုးမဟုတ်ပါ။ CCIEE အဖွဲ့အစည်းလက်အောက်ရှိ အတိုင်ပင်ခံကုမ္ပဏီနှင့် Yatai ၏ ဆက်ဆံရေးသည် ထောက်ပံ့ကူညီမှု ပေးနေသည် ဆိုခြင်းထက် တရုတ်စီးပွားရေးကုမ္ပဏီများအတွက် အတိုင်ပင်ခံဝန်ဆောင်ပေးခြင်းမျိုးပင်ဖြစ်သည်။ ပင်မအဖွဲ့အစည်းဖြစ်သော CCIEE က ကရင်ပြည်နယ် ရှိ Yatai စီမံကိန်းနှင့် Yatai ကုမ္ပဏီတို့ကို လူသိရှင်ကြားထောက်ခံခြင်းမျိုး ပြုလုပ်ထားခြင်းမရှိကြောင်း တွေ့ရှိရသည်။

SOEs များအရ Yatai လုပ်ငန်းသည် ၂၀၁၁ ခုနှစ် ဧပြီလတွင် China Railway 20th Bureau Group နှင့် မဟာဗျူဟာမြောက် သဘောတူညီချက် ရရှိခဲ့သည်။ သဘောတူညီချက်တွင် အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်လိမ့်မည်ဟု ဆိုသော်လည်း မည်သည့်တိကျသော စာချုပ်နှင့် အကြောင်းအရာကိုမူ ဖော်ထုတ်နိုင်ခြင်းမရှိသေးပါ။ နောက်ထပ် တရုတ် SOE MCC International အဖွဲ့အစည်းက Yatai နှင့် ၂၀၁၇ ခုနှစ်တွင် Yatai စီမံကိန်းကို အဓိက ကန်ထရိုက်တာအဖြစ် တည်ဆောက်ရန် လက်မှတ်ရေးထိုးခဲ့သော တစ်ခုတည်းသော တရုတ်အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်း လက်မှတ်ရေးထိုးခဲ့ခြင်းက Yatai လုပ်ငန်း၏ အကျိုးအမြတ်ယူသော တရုတ်ကုမ္ပဏီများထံမှ ကန်ထရိုက်စာချုပ် ချုပ်ဆိုမှုများအနက် နောက်ထပ်ဥပမာ တစ်ခုပင်ဖြစ်သည်။ တရုတ်အစိုးရပိုင်ကုမ္ပဏီများသည် ၎င်းတို့၏ ဆောက်လုပ်ရေး ဝန်ဆောင်မှုကို ဝယ်ယူသူများအတွက် နိုင်ငံခြားဈေးကွက်များကို ရှာဖွေပေးလျက်ရှိသည်ဟု လူသိများသည်။ Yatai နှင့် စာချုပ်သည် တရုတ်နိုင်ငံ၏တရားဝင် ထောက်ခံမှု မဟုတ်သော်လည်း စာချုပ်မချုပ်ဆိုခင် စုံစမ်းစစ်ဆေးမှု ပြုလုပ်ထားခြင်းဆိုင်ရာ ညံ့ဖျင်းမှုကို ပြသနေသည်။

ရာဇဝတ်ဂိုဏ်းများနှင့် ဆက်စပ်မှုများ ရှိနေသလား

စီမံကိန်း သုံးခုအနက် Saixigang စက်မှုဇုန်ကို ရင်းနှီးမြှုပ်နှံထားသော Dongmei Group သည် တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ဆက်သွယ်မှုများရှိကြောင်း ဖော်ထုတ်တွေရှိ့ထားသည့် တစ်ခုတည်းသော စီမံကိန်းပင်ဖြစ်သည်။ Dongmei Group ၏ ဥက္ကဋ္ဌ  Wan Kuok-koi သည် မကာအိုရှိ 14 K ဟု အမည်ရသည့် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး သွားကျိုး ဆိုသောနာမည်ဖြင့် လူသိများသည်။ ၎င်းသည် 14 K ဂိုဏ်းနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းကြောင့် ထောင် ၁၅ နှစ်နီးပါး ကျခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် မကာအို အကျဉ်းထောင်တစ်ခုမှ ပြန်လွတ်လာသူတစ်ဦးဖြစ်သည်။

သို့ရာတွင် ကရင်ပြည်နယ်ရှိ သူ၏စီးပွားရေးလုပ်ငန်းကို “တရုတ်ရာဇဝတ်ဂိုဏ်းကွန်ရက်”တစ်ခုနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိနေခြင်းနှင့်စပ်လျဉ်းပြီး မှားယွင်းသော အချက်နှစ်ချက်ရှိသည်။ ပထမအချက်မှ တရုတ်ရာဇဝတ်မှုဥပဒေ နယ်နိမိတ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရ ဟောင်ကောင်နှင့် မကာအိုတို့သည် တရုတ်ပြည်ပြင်ပတွင် ဖြစ်သောကြောင့် ယင်းမြို့နှစ်မြို့၌ ဖွဲ့စည်းထားသော ရာဇဝတ်မှုကွန်ရက်များသည် ကွဲပြားသည်။ တရုတ်အခြေစိုက် အင်တာပိုရုံးတွင် ဟောင်ကောင်နှင့် မကာအိုကို တာဝန်ယူထားသော ဌာနခွဲနှစ်ခု ရှိပြီး ၎င်းတို့သည် တရုတ်ပြည်မကြီးအတွက် တာဝန်များကို သီးခြားစီ လုပ်ကိုင်ကြသည်။ Wan မှာ မကာအို ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့သော်လည်း တရုတ်ရာဇဝတ်ဂိုဏ်း ကွန်ရက်များအဖြစ် သုံးနှုန်းခြင်းမှာ မှားယွင်းနေသည်။

ဒုတိယအချက်မှာ Wan ၏ ယခင်က ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့ခြင်းက လက်ရှိသူ့စီးပွားရေးလုပ်ငန်းကို ရာဇဝတ်ဂိုဏ်းအဖွဲ့အစည်း တစ်ခုအဖြစ်သတ်မှတ်၍ မရနိုင်ပါ။ ၂၀၁၂ ခုနှစ်တွင် ထောင်မှပြန်လွတ်လာချိန်သည် တရုတ်ပြည်လက်အောက်သို့ မကာအို ပြန်လည်ရောက်ရှိသွားခဲ့သည်မှာ ၁၃ နှစ်ခန့်ရှိပြီဖြစ်ပြီး မြို့ရှိ ရာဇဝတ်ဂိုဏ်း လှုပ်ရှားမှု အခြေအနေများမှာလည်း လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သူပြန်လွတ်လာပြီးနောက် ဒစ်ဂျစ်တယ်ငွေကြေး Cryptocurrency ဈေးကွက်တွင် စီးပွားရေးလုပ်ငန်းသစ်များနှင့် ပတ်သက်ပြီး သတင်းထွက်ခဲ့သော်လည်း ၎င်း၏ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု၊ သို့မဟုတ် ရာဇဝတ်ဂိုဏ်းကွန်ရက်များနှင့် ပြန်လည်ဆက်သွယ်ခြင်း ရှိမရှိ သက်သေအထောက်အထား မဖော်ထုတ်နိုင်သေးကြောင်းသိရသည်။ Wan သည် Qing မင်းဆက် (၁၆၄၄-၁၉၁၂) ကာလအတွင်း တရုတ်နိုင်ငံတွင် ပေါ်ပေါက်လာသည့် ဂိုဏ်းများအနက် တစ်ခုဖြစ်သည့် Hongmen (Tiandihui) ဂိုဏ်းဝင် တစ်ဦး ဖြစ်သည်။ အရှေ့တောင်အာရှတွင် တရားဝင်ဂိုဏ်း တစ်ခုဖြစ်ပြီး ထိုင်ဝမ်တွင် နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှု ကြီးမားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့ကြောင့် 14K တရုတ်ပြည်လက်အောက်သို့ မကာအို ပြန်မရောက်ခင် အချိန်က ရာဇဝတ်ဂိုဏ်းဝင်ဟောင်းတစ်ဦး ဖြစ်သောကြောင့် Wan ၏ စီးပွားရေးလုပ်ငန်းများကို ရာဇဝတ်မှု နှင့် ဆက်စပ်နေသည်ဟု ဆိုရန်အတွက် ခိုင်လုံသော သက်သေအထောက်အထားများဖြင့် ပြသရန် လိုအပ်သည်။

တရုတ်ပြည်၏တာဝန်ဝတ္တရားက အဘယ်နည်း

ကရင်ပြည်နယ်ရှိ ပုဂ္ဂလိက တရုတ်ရင်းနှီးမြုပ်နှံမှု စီမံကိန်း သုံးခု၏ အထောက်အထား၊ မှတ်ပုံတင်ထားသော နေရာနှင့် ငွေရင်းမြစ်များသည် တရုတ်နိုင်ငံမှမဟုတ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ တရားစီရင်ပိုင်ခွင့်အောက်တွင် မရှိကြောင်းထင်ရှားစေသည်။ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် ထိုအဖွဲ့အစည်းများက တရုတ်နိုင်ငံ၏ တရားဝင်ခွင့်ပြုချက်၊ ကြီးကြပ်မှုနှင့် စီမံခန့်ခွဲမှုစနစ်များ မပါဘဲ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်လျက်ရှိသည်။ သို့ရာတွင် တရုတ်စီမံကိန်းများကို ထောက်ခံခြင်းမရှိသော်လည်း ၎င်းတို့အတွက် အထောက်အပံ့များပေးသော်လည်း အနည်းဆုံး အကြောင်းပြချက် မပေးနိုင်သည့် ဆုံးရှုံးမှု နှစ်ခုအတွက် လျစ်လျူမရှုသင့်ပေ။

ပထမအချက်မှာ အစိုးရအမည်ခံ အဖွဲ့အစည်းများနှင့် အစိုးရပိုင်စီးပွားရေးလုပ်ငန်းများသည် အရှေ့တောင်အာရှတွင် သူတို့စီးပွားရေးလုပ်ငန်းများ၏ သဘောသဘာဝနှင့် သူတို့၏နောက်ခံကို မှန်ကန်စွာ ခွဲခြားသိမြင်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးရန် အားထုတ်မှု နည်းနေသေးသည်။ တရုတ်အစိုးရသည် အရှေ့တောင်အာရှ အစိုးရများကို တရုတ်ဗဟိုပြုလောင်းကစားရုံများနှင့် အွန်လိုင်းလောင်းကစား လိမ်လည်မှုများကို ပိတ်ပင်အရေးယူရန် ကြိုးပမ်းခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံမှ သဘောတူညီခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံက ပူးပေါင်းပါဝင်ရန် ငြင်းဆန်ခဲ့သည်။

တရုတ်နိုင်ငံရှိ ပြည်သူ့လုံခြုံရေးယန္တရားက တရုတ်နိုင်ငံတွင် လောင်းကစားလုပ်ငန်းများကြောင့်  စီးပွားရေးဆုံးရှုံးမှုများနှင့် လူမှုရေး မတည်ငြိမ်မှုများ ဖြစ်လာခဲ့သောကြောင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ ဖမ်းဆီးအရေးယူမှုများကို နှစ်အတော်ကြာ လုပ်ဆောင်လျက်ရှိသည်။  မည်သို့ပင်ဖြစ်စေ သက်ဆိုင်ရာ တရုတ်အဖွဲ့အစည်းများနှင့်စပ်လျဉ်းပြီး ရာဇဝတ်မှုများနှင့် တရုတ်အစိုးရ၏ အတိုက်အခံပြုလုပ်မှုများကို မျက်ကွယ်ပြုထားသည်မှာ ထင်ရှားနေသည်။ အချို့က အမြတ်အစွန်းများအတွက် ဖြစ်ပြီး အချို့က မူ တရုတ်နိုင်ငံ၏ ပိုးလမ်းမ စီမံကိန်း မြှင့်တင်ဖို့ နိုင်ငံရပ်ခြားတွင်ရှိသော တရုတ်လူမျိုးများကို အသုံးပြုလို၍ ဖြစ်သည်။

ပိုမိုကြီးမားသော ပြဿနာတစ်ခုမှာ တရုတ်နှင့် ခေတ်သစ် ပိုးလမ်းမစီမံကိန်းကို ကိုယ်စားပြုနေသော နိုင်ငံရပ်ခြား တရုတ်လူမျိုးများနှင့် အဖွဲ့အစည်းများ၏ တရားမဝင် စီးပွားရေးလုပ်ငန်းများကို တရုတ်ပြည်က ၎င်းနှင့် မသက်ဆိုင်သလို နေခြင်းပင်ဖြစ်သည်။ အရှေ့တောင်အာရှတွင် နိုင်ငံရပ်ခြားမှ တရုတ်လူမျိုးများ၏ ခေတ်သစ်ပိုးလမ်းမ စီမံကိန်း ပါဝင်လုပ်ဆောင်မှုကို အပြုသဘောဆောင်သည့် ဆောင်းပါးများရေးသားရန်သာ အဖွဲ့အစည်းက စိတ်အားထက်သန်နေကြသည်။

သို့သော် သူတို့ရ့ယူခဲ့သော မှတ်တမ်းများအတွက် ၎င်းတို့သည် တရုတ်နိုင်ငံကို အသင်းအဖွဲ့များမှ တာဝန်ဝတ္တရားများနှင့် ချိတ်ဆက်ထားသည်။ တရုတ်နိုင်ငံက ၎င်း၏ နိုင်ငံရေးရည်မှန်းချက်များကို နိုင်ငံရပ်ခြားမှ တရုတ်လူမျိုးများက ဖြည့်ဆည်းရန် ကြိုးပမ်းနေသည်ဟု ထင်မြင်လျက်ရှိသော်လည်း နိုင်ငံရပ်ခြားက တရုတ်လူမျိုးများက အရှေ့တောင်အာရှတွင် ၎င်းတို့၏ နိုင်ငံရေးနှင့် စီးပွားရေး နောက်ခံအမြင်များကို တိုးမြှင့်ဖို့ တရုတ်ပြည်ကို အသုံးချပြီး ငွေကြေးထောက်ခံမှုကို သိသိသာသာ ရရှိစေသည်။

သို့ရာတွင် ဆုံးရှုံးမှုများကို တာဝန်ခံရသည်မှာ ၎င်းတို့ မဟုတ်ဘဲ တရုတ်ပြည်သာဖြစ်သည်။ ကရင်ပြည်နယ်တွင် ဖြစ်နေမှုများကို ပုဂ္ဂလိက တရုတ်ရင်းနှီးမြှုပ်နှံမှုအဖြစ် လွဲမှားစွာ ဖော်ပြခြင်းသည် ပြဿနာအစစ်အမှန်ကို ညွှန်ပြနေခြင်းမဟုတ်ဘဲ အဖြေမှန်ရရှိရေးကိုလည်း ဦးတည်သွားနေမည်မဟုတ်ပါ။

တရားမဝင်စီးပွားရေးလုပ်ငန်းများကို ရပ်တန့်ပစ်ရန်မှာ အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်၊ ဟောင်ကောင်နှင့် မကာအိုရှိ ဥပဒေစိုးမိုးရေး အာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။

တရုတ်ပြည်သည် သတင်းအချက်အလက်မှားယွင်းမှုများကို ပြင်ဆင်ခြင်း၊ ယင်းလုပ်ငန်းများနှင့်ခပ်ဝေးဝေး၌ မနေတော့ဘဲ အရေးယူဆောင်ရွက်မှုများ၌ အဓိကအခန်းမှ ပါဝင်ခြင်းတို့အားဖြင့် အရေးယူသင့်သည်။ ကရင်ပြည်နယ်တွင် မကြာသေးခင်က ပေါ်ထွက်လာခဲ့သည့် စီမံကိန်းများကဲ့သို့သော လုပ်ငန်းများက ပြည်တွင်း၌ တရုတ်ပြည်အတွက် အခက်အခဲ ပိုမိုဖြစ်ပေါ်စေရုံသာမက ဒေသတွင်း၌ မဟာဗျူဟာမြောက်ပြိုင်ဆိုင်မှု များပြားလာချိန်တွင် မြန်မာနိုင်ငံမှ တရုတ်ပြည်၏အခန်းကဏ္ဍနှင့် အကျိုးစီးပွားများကိုပါ ထိခိုက်စေမည်ဖြစ်သည်။

ခန့်လင်းဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.