ကရင်ပြည်နယ်နှင့် တကျော့ပြန်စစ်ပွဲ

ကရင်ပြည်နယ် ဖာပွန်မြို့နယ်၌ တပ်မတော်၏ စစ်ရေးရည်မှန်းချက်များက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်နှင့် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားကာ ဒေသခံများအတွက် ခါးသီးသော အမှတ်တရ အတွေ့အကြုံများကို ပြန်လည်ဆောင်ကြဉ်းပေးခဲ့သည်။

ဘရင်နန် အိုကောနား ရေးသားသည်။

မှောင်မိုက်သော ဝါးတဲကလေး တစ်ခုအတွင်း၌  ဖရောင်းတိုင်မီးကသာ လင်းလက်နေပြီး မီးဖိုမီးက ငြိမ်းလျက်ရှိသည်။ နေ့လယ်ဘက် ကျွန်တော့်မွေးနေ့ပွဲတုန်းက ဆန်အရက် အသောက်များ၍ အနည်းငယ် အရက်နာကျသည်ကို ပြေပျောက်စေရန် ကျွန်တော်က လက်ဖက်ရည်ကို တစ်ကျိုက်ချင်းသောက်နေသည်။

အပြင်ဘက် တောတောင်များအတွင်း၌ အမြောက်သံတို့က ဆူညံလျက်ရှိသည်။ သို့တိုင်အောင် ယခုထက် ပိုမိုဆိုးရွားလာနိုင်သေးသည်ဟု တကိုယ်တည်း တွေးနေမိသည်။

တမြန်ညက အခြားတစ်နေရာ၌ ကျွန်တော်ရှိနေစဉ် တပ်မတော်မှ ပစ်ခတ်လိုက်သော ၆၀ မီလီမီတာ မော်တာကျည်ဆန်တစ်ခုသည် ကျွန်တော်အိပ်ရာပြင်သောနေရာနှင့် မီတာ ၃၀၀ အကွာလောက်တွင် ကျပြီးပေါက်ကွဲသည်။ ကရင်အမျိုသား လွတ်မြောက်ရေးတပ် KNLA မှ မော်တာဆန်များ ကျလာသည့်အတွက် စောစောကပင် ကျွန်တော်သည် ကြိုးပုခက်ပေါ်မှ လျှောဆင်း၍ပြေးခဲ့ရပြီဖြစ်သည်။ ထို့ကြောင့် တပ်မတော်မှ မော်တာကျည်ဆန် ကျချိန်မှာတော့ ဘောင်းဘီကို ဝတ်နိုင်ခဲ့သော်လည်း ဖိနပ်တစ်ဖက်ကိုသာ ကြိုးစည်းနိုင်ခဲ့သည်။

ကရင်စစ်သားများက သေနတ်များကိုင်လျက် တဲများအတွင်းမှ စုပြုံထွက်လာကြသည်။ ကျွန်တော်တို့က လျှိုမြောင်ကလေးတစ်ခုအတွင်းရှိ တပိုင်းတစ ခြောက်သွေ့နေသော မြစ်ကြမ်းခင်းပေါ်၌ အကာအကွယ် ယူလိုက်ကြသည်။ မကြာမီ ကျွန်တော်သည် အခြားအရပ်သားများနှင့်ရောနှော၍ မချည်ရသေးသော  ဖိနပ်ကြိုးများနင်းမိပြီး လဲမကျအောင် ကြိုးစားရင်း ကိုးရိုကားရားဖြင့် လိုဏ်ဂူတစ်ခုရှိရာ ပြေးလွှားခဲ့သည်။

ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားစဉ် လိုဏ်ဂူအဝနား၌ ထိုင်နေသော အမျိုးသမီးတစ်ဦးက သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်သည်။ ကေအင်န်အယ်လ်အေ စစ်သားတစ်ဦးသည် တိုက်ပွဲကြောင့် စိတ်ပူပန်နေသည့်ကြားမှပင် လိုဏ်ဂူနံရံတွင် ရေးထားသည်များကို အပြေးအလွှား စူးစမ်းလိုက်သေးသည်။

မဟာဗျူဟာမြောက် တိုက်ခိုက်မှုများ

ကရင်တို့က မူထရောဟုခေါ်သော ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ကေအင်န်အယ်လ်အေ က ထိန်းချုပ်ထားသောနယ်မြေတွင် တပ်မတော်က တပ်ရင်းခြောက်ခု နေရာချထားခဲ့သော မတ်လ ၄ ရက်မှစ၍ ယခုကဲ့သို့ တိုက်ခိုက်မှုများ ခပ်စိတ်စိတ် ဖြစ်ပွားလာခဲ့သည်။ စစ်ဆင်ရေး၏ ရည်ရွယ်ချက်မှာ ၂၀၁၂ ခုနှစ်က ရပ်ထားခဲ့သောလမ်းကို ပြန်လည်အဆင့်မြှင့်တင်ရာတွင် လုံခြုံရေးပေးရန် ဖြစ်သည်။

လမ်းဖောက်လုပ်ခြင်းမှာ ထိန်းချုပ်နယ်မြေကို ကေအင်န်အယ်လ်အေ အမှတ် ၅ တပ်မထံမှ  လုယူရန် ကြံစည်မှုအဖြစ် ကရင်တိုင်းရင်းသားအချို့က သံသယဝင်နေကြသည်။ ဒီဇင်ဘာလအတွင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ကေအင်န်အယ်လ်အေ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားအစည်းအရုံး KNU ထံသို့ တံတားအဆင့်မြှင့်တင်မည့် စီမံချက်ကို အသိပေးသည့်စာတစ်စောင် ပေးပို့ခဲ့သည်။

လမ်းကိုအဆင့်မြှင့်တင်ရန် ခွင့်မပြုကြောင်း မတ်လ ၁၆ ရက်က ထုတ်ပြန်သည့် ကေအင်န်ယူ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ထို့ပြင် ၎င်း၏နယ်မြေအတွင်းသို့ တပ်ဖွဲ့များစေလွှတ်ရန် တပ်မတော်က ဆုံးဖြတ်ခြင်းသည် ၂၀၁၅ အောက်တိုဘာက ကေအင်န်ယူနှင့် အခြားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့တို့ အစိုးရနှင့် လက်မှတ်ရေးထိုးထားသော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထပ်လောင်းဖော်ပြခဲ့သည်။ ဖေဖော်ဝါရီလက အဖွဲ့သစ် နှစ်ဖွဲ့တို့က သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ဧပြီ ၆ ရက်စာရင်းအရ စီမံကိန်းလမ်းအနီးရှိ ကျေးရွာ ၁၂ ရွာမှ ရွာသား ၂,၄၁၇ ဦးသည် တိုက်ပွဲများကြောင့် နေရပ်ကို စွန့်ခွာထွက်ပြေးကြပြီ ဖြစ်သည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး တပ်မတော်တပ်ဖွဲ့များ အိမ်များအနီး ရောက်လာပါက နောက်ထပ်ရွာသား ၄၇၉ ဦးမှာလည်း စွန့်ခွာသွားကြရန် အသင့်ဖြစ်နေသည်။

မတ် ၁၅ ရက်နောက်ပိုင်းမှစ၍ နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားနေသည့်သတင်းများ ရရှိထားသဖြင့် မေလဆန်းတွင် စတင်မည့် စိုက်ပျိုးရာသီမတိုင်မီ စပါးစိုက်လယ်ကွင်းများ ပြင်ဆင်ရန် စိတ်စောနေသော နေရပ်စွန့်ခွာရွာသားများအတွက် လျင်မြန်စွာ အိမ်ပြန်ရေးမှာ မျှော်လင့်ချက်နည်းနေဆဲဖြစ်သည်။

နေရပ်စွန့်ခွာ ရွာသားများနှင့် အဆက်အသွယ်ရရှိရန်မှာ ခက်ခဲ၍ ရသည့်နေရာတွင် ဆိုင်ကယ်နှင့်သွားပြီး အခြားအချိန်များ၌ ခြေလျင်သွားရသည်။ မတ်စောက်သော တောင်များပေါ်တွင် သွားရသဖြင့် နှစ်ရက်ခွဲကြာ သွားရသောခရီး ဖြစ်သည်။ တပ်မတော်စခန်းများနှင့် စစ်ဘက်သုံးလမ်းများကိုလည်း ရှောင်ကွင်းသွားရန် လိုပေသည်။

တောင်တက်ခရီးတစ်ခုတွင် ဂီယာကို အများကြီးတင်မိသည့်အတွက် ကိုယ့်ကိုယ်ကိုပင် ကျိန်ဆဲမိသည်။ သို့သော် အိတ်အကြီးကြီး တစ်လုံးကိုသယ်ကာ ကြိမ်လုံးဖြင့် တုတ်ထောက်တက်လာသော အသက် ၇၀ အရွယ် အဖွားအိုတစ်ဦးက ကျွန်တော့်ကို ကျော်တက်သွားသည်။ နောက်ဆုံးတွင် ချွေးတလုံးလုံးဖြင့် အသက်ပြင်းပြင်းရှူရင်း ရှင်းလင်းထားသော နေရာတစ်ခုတွင် အနားယူနေကြသော ကျွန်တော်တို့အဖွဲ့ကို ကျွန်တော်မီသွားသည်။ မောမောနှင့် ကျောခင်းအိပ်လိုက်ရာ ဆိုခဲ့သည့်အဖွားအိုကော၊ သူနှင့်အတူပါလာသော အမျိုးသမီးငယ်ကပါ ကျွန်တော့်ကိုကြည့်၍ လှောင်ပြုံးပြုံးနေသည်ကို သတိထားမိလိုက်သည်။

သဲထူသော လမ်းကလေးအတိုင်း ဆင်းလာရသည်မှာ ခက်ခဲပြီး အကြိမ်ပေါင်းများစွာ ကျွန်တော်ချော်လဲသည်။ အပြေးလေ့ကျင့်သည့် ကျွန်တော့်ဖိနပ်များက အသုံးမတည့်လှသော်လည်း ကျွန်တော့်ရှေ့မှသွားနေသော ကေအင်န်အယ်လ်အေ စစ်သားများ၏ ရာဘာခြေညှပ်ဖိနပ်များကမူ အတော်ဟန်ကျပုံရသည်။

“ဒီအစိုးရအတွက်တော့ ကျွန်တော့်မှာ မျှော်လင့်ချက် မရှိပါဘူး”

ကရင်စစ်သားများက လုံခြုံရေးကို တာဝန်ယူသည့်အတွက် စစ်ရေးလမ်းကြောင်းများပေါ်တွင် ကျွန်တော်တို့ သွားလာနိုင်သည်။ သို့ရာတွင် နေရပ်စွန့်ခွာနေသူများ ခိုလှုံနေသည့် ယာယီတဲစခန်းများ အားလုံးကိုမူ ကျွန်တော်တို့် သွား၍မရပေ။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ နေထိုင်သူများထံမှ သက်သေခံထွက်ဆိုချက်များကို စုဆောင်းနိုင်ရန် ကရင်ငြိမ်းချမ်းရေး ထောက်ပံ့မှုကွန်ရက် Karen Peace Support Network – KPSN က ကျွန်တော်တို့အတွက် စီစဉ်ပေးသည်။

တပ်မတော်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကို လူခိုကျေးရွာ၌ ကန့်ကွက်ဆန္ဒဖော်ထုတ်ကြရာသို့ ပါဝင်ဆန္ဒပြသူ ကရင်တိုင်းရင်းသားတစ်ဦး။ ဓာတ်ပုံ - ဘရင်နန် အိုကော်နာ

တပ်မတော်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကို လူခိုကျေးရွာ၌ ကန့်ကွက်ဆန္ဒဖော်ထုတ်ကြရာသို့ ပါဝင်ဆန္ဒပြသူ ကရင်တိုင်းရင်းသားတစ်ဦး။ ဓာတ်ပုံ – ဘရင်နန် အိုကော်နာ

သူတို့ နောက်ဆုံးနေရပ်သို့ ပြန်ရောက်သောအခါ မည်သည့်အရာများ ကျန်ရှိမည်ကို သေသေချာချာ မသိနိုင်သဖြင့် နေရပ်စွန့်ခွာသူများက သူတို့ပိုင်ကျွဲနွားတိရစ္ဆာန်များကို လျှော့ဈေးဖြင့် ရောင်းချခဲ့ကြကြောင်း KPSN မှ နော်ဆားမူးက ပြောသည်။ သီးနှံစတင်စိုက်ပျိုးချိန်မတိုင်မီ သူတို့လယ်ကွင်းများရှိရာ မပြန်နိုင်ပါက တစ်နှစ်လုံးစာဝင်ငွေကို သူတို့ဆုံးရှုံးရတော့မည်ဖြစ်၍ အကျပ်အတည်းက ပိုမိုဆိုးရွားလာနိုင်သည်။ စတင်မဆောင်ရွက်နိုင်သူများ၏ နောင်ရေးအတွက် ကျွန်တော် စိုးရိမ်မိသည်။

ကေအင်န်ယူနှင့် ဦးသိန်းစိန်အစိုးရတို့ ၂၀၁၂ ခုက သမိုင်းဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အချို့သူများမှာ မူထရောခရိုင်ရှိ သူတို့နယ်မြေများသို့ ပြန်နိုင်သည့်အခွင့်အရေး ရခဲ့သည်။ တပ်မတော်တပ်ဖွဲ့များ ပြန်ရောက်လာခြင်းနှင့် တိုက်ပွဲများ ပြန်ဖြစ်လာခြင်းက ငြိမ်းချမ်းရေး ရေရှည်တည်တံ့ရေးအတွက် ရွာသားများ၏မျှော်လင့်ချက်များကို မှေးမှိန်သွားစေခဲ့သည်။

သို့တစေ စစ်ရေးမဟာဗျူဟာက ထိုသို့သော ထိပ်တိုက်ရင်ဆိုင်မှုမျိုး ဖြစ်လာမည့်အလားအလာများကို ပြသလျက်ရှိသည်။ လွန်ခဲ့သောငါးနှစ်အတွင်း ယင်းနယ်မြေအတွင်း၌ စစ်အခြေခံစခန်းသစ်များနှင့် လမ်းသစ်များကို တည်ဆောက်ခဲ့သည်။ ကေအင်န်အယ်လ်အေနှင့် ပိုင်နက်နယ်မြေ ပိုင်းခြားရန်လည်း ငြင်းဆိုခဲ့သည်။ တချိန်တည်းမှာ အစိုးရ၊ စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသူတို့အကြား နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုများမှာလည်း သောင်မတင်ရေမကျ ဖြစ်နေသည်။

“သူတို့စစ်သားတွေက ကျွန်မတို့ရွာထဲဝင်ပြီး ကျွန်မတို့ရဲ့အစားအစာတွေကိုယူ၊  ကျွန်မတို့ကို ခြိမ်းခြောက်နေတာဆိုတော့ ဒီအစိုးရဆီက ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး” ဟု တောင်ကြားတစ်ခုရှိ ယာယီတဲစခန်းမှ နော်ဟာမြက ပြောသည်။ သူတို့ မိသားစုသည် နယ်မြေအတွင်းသို့ တပ်မတော်တပ်ဖွဲ့များ ရောက်ရှိပြီးနောက် မတ် ၅ ရက်တွင် သူတို့ရွာမှ ထွက်ခွာလာခဲ့ကြသူများဖြစ်သည်။

အသက် ၆၅ နှစ်အရွယ်ရှိ နော်ဟာမြအဖို့ တပ်မတော်၏ဖိအားကြောင့် ထွက်ပြေးခဲ့ရသည့်အကြိမ်ပေါင်းမှာ မမှတ်မိလောက်အောင် များလှသည်။ သို့သော်လည်း ပထမဆုံးပြေးခဲ့စဉ်က သူ့အသက် ၁၅ နှစ်သာ ရှိသေးသည်ကိုမူ အမှတ်ရနေဆဲဖြစ်သည်။

တစ်ကြိမ်တွင် နော်ဟာမြသည် ရွာသို့ပြန်ခဲ့ရာ သူနှင့်ဆွေမျိုးတော်သူ အမျိုးသမီးတစ်ဦးမှာ သစ်ပင်တစ်ပင်၌ မတ်တတ်ကြိုးချည်ထားလျက် သေဆုံးနေသည်ကို တွေ့ရသည်။ အမျိုးသမီး၏ကိုယ်တွင် အဝတ်အစားများ စုတ်ပြဲနေကြောင်း တွေ့ရသဖြင့် စစ်သားများက မုဒိန်းကျင့်ပြီး သတ်ထားသလားဟု နော်ဟာမြတစ်ယောက် သံသယဝင်မိသည်။

ကရင်လူမျိုးအများအပြားတွင် အလားတူဇာတ်လမ်းများရှိသည်။  သူတို့ရွာကို တပ်မတော်က တိုက်ခိုက်သည့်အခါ သ့ူအရွယ်က ကလေးအရွယ်မျှသာရှိပြီး သူ့မိခင်နှင့်အတူ ထွက်ပြေးခဲ့ရပုံကို KPSN မှ နော်ဆားမူးက ပြန်လည်ပြောပြတတ်သည်။ ဝက်များ၊ ကြက်များနှင့် ဘဲများကို စောင့်ရှောက်ရန် သူ့ဖခင်က နောက်ချန်နေခဲ့သဖြင့် နော်ဆားမူး၏မိခင်သည် ကလေးများကို စောင့်ရှောက်ရင်း တောထဲတွင် သုံးရက်နေခဲ့ရသည်။

အာခံဖီဆန်၍ ပြန်လာခြင်း

အချိန်မှာ နံနက်ခင်းဖြစ်သည်။ လူခိုရွာသားများသည် KPSN က ဦးစီးသော ဆုတောင်းပွဲနှင့် ဆန္ဒထုတ်ဖော်ပွဲကို တက်ရောက်ရန် ရက်ပေါင်းများစွာ စွန့့်ပစ်ခဲ့သော သူတို့နေအိမ်များသို့ ပြန်ရောက်လာကြသည်။

လူကြီးများက ဆုတောင်းပွဲကို ဦးစီးဆောင်ရွက်ပြီးနောက် နတ်ကိုးကွယ်သော ကရင်လူမျိုးတို့၏ အရေးပါသောရိုးရာအတိုင်း ဆန်အရက်ခွက်များကို ဝိုင်းလှည့်ပေးသည်။

အရက်အားလုံးကို ယနေ့အကုန်သောက်ရမည်။ အရက်မှာ အလျှံပယ်ရှိနေပြီး ကမ်းပေးသောအရက်ကို ငြင်းပယ်ပါက ရိုင်းသည်။ အခမ်းအနားကို ဓာတ်ပုံရိုက်ရန် သူတို့အနီး ချဉ်းကပ်ဖို့ ကြိုးစားခြင်းအားဖြင့် ကျွန်တော်သည် အရက်ခွက်ပေါင်းများစွာ သောက်ပါမည်ဟု ပြောသည့်သဘော သက်ရောက်သဖြင့် မကြာမီ အမူးလွန်တော့သည်။ တက်ရောက်လာသော လူငယ်လေးအချို့ပင် ဝင်နွှဲကြသည်။ မိခင်တစ်ဦးက သိပ်မပြင်းလှသော အရက်အနည်းငယ်ကို နို့စို့ကလေး၏ နှုတ်ခမ်းပေါ် တင်ပေးလိုက်သည်။

မြစ်ကမ်းနံဘေးမှ ကျောက်စရစ်များ သယ်ယူလာပြီးနောက် ဝါးခြမ်းပြားများဖြင့် ရက်လုပ်ထားသော ထောင်လိုက်ထုလုံးပုံထဲသို့ ထည့်ကြသည်။ ထိုအထိမ်းအမှတ်ကျောက်တိုင်လေးသည် ထာဝရ တည်ရှိနေမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် ရွာသားများ၏ဆန္ဒနှင့် တပ်မတော်ကို သူတို့နယ်မြေမှ ထွက်သွားစေလိုသော သူတို့၏မျှော်လင့်ချက်အဖြစ် ထာဝရ တည်တံ့နေမည်ဖြစ်ပေသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ရွာမှတစ်နာရီခန့် သွားရသော တောင်စောင်းတစ်နေရာမှ ယာယီစခန်းရှိ မီးပုံဘေး၌ မတ် ၁၅ ရက်က တော်ခူမူဒါ ကျေးရွာသူများအား တွေ့ရစဉ်။ ဓာတ်ပုံ – ဘရင်နန် အိုကော်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.