ကရင်ပြည်နယ်တွင် ထုံးကျောက်ထုတ်ယူမှု ရပ်တန့်ရန် အေဒီဘီ ဖိအားပေးမည်

ဆုမြတ်မွန်နှင့် သောမတ်စ် ကင်း(န်)

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ လုံခြုံမှုအတွက် လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိသရွေ့ ကျောက်ကျင်းတစ်ခုမှ ထုံးကျောက်များ ထုတ်ယူနေမှုကို ရပ်တန့်ရေးအတွက် ကရင်ပြည်နယ်တွင် အဝေးပြေးလမ်းတစ်ခု ဖောက်လုပ်နေသည့် တရုတ်ကန်ထရိုက်တာတစ်ဦးကို ဖိအားပေးမည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က ပြောကြားသည်။

ကျောက်ကျင်းမှ ကျောက်ထုတ်လုပ်မှုကို ဒေသခံများက ဆန့်ကျင်နေသည့်အကြောင်း ရေးသားထားသည့် သတင်းဆောင်းပါး တစ်ပုဒ်ကို Frontier က ဒီဇင်ဘာ ၂၁ ရက်နေ့တွင် အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်ဖော်ပြပြီးနောက် ယင်းဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ အသက်မွေးဝမ်းကျောင်းမှုများကို ထိခိုက်မည်မဟုတ်ကြောင်း ပြသနိုင်ခြင်း မရှိသရွေ့ အဝေးပြေးလမ်းဖောက်လုပ်နေသည့် China Road and Bridge Contruction (CRBC) အား ကရင်ပြည်နယ်မြို့တော် ဘားအံအနီး လွန်ညာတောင်ရှိ ကျောက်ကျင်းတွင် ကျောက်ထုတ်လုပ်ရန် ခွင့်ပြုမည်မဟုတ်ကြောင်း အေဒီဘီက ပြောသည်။

“သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ချက်မပြုလုပ်မီ၊ ကျောက်ကျင်းဟာ အေဒီဘီရဲ့ အန္တရာယ်ကင်းရေး လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိတယ်ဆိုတာ သက်သေမပြနိုင်သေးခင်၊ နောက်ပြီး လူတွေရဲ့ သက်မွေးမှုတွေကို မထိခိုက်ဘူးဆိုတာ မပြသနိုင်သေးခင် စီမံကိန်းလုပ်ငန်းတွေမှာ အသုံးပြုဖို့ ကျောက်ကျင်းကနေထုတ်တဲ့ ဘယ်အရာကိုမှ အေဒီဘီက ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟုအေဒီဘီ၏ ပြင်ပဆက်ဆံရေးအရာရှိ ဦးတင်ထွန်းဇော်က အီးမေးလ်ကတစ်ဆင့် ပြောသည်။

လုပ်ငန်းသုံးကျောက်များကို အခြားသော ပစ္စည်းပေးသွင်းသူတစ်ဦးထံမှ ဝယ်ယူအသုံးပြုလိမ့်မည်ဟု မျှော်လင့်ခဲ့သဖြင့် စီမံကိန်းပြင်ဆင်နေစဉ်အတွင်း ထိုကဲ့သို့ ကျောက်ထုတ်လုပ်မှုကို မျှော်မှန်းမထားခဲ့ဟု ဦးတင်ထွန်းဇော်က ပြောသည်။ သို့သော်လည်း အေဒီဘီအတွက် ၂၀၁၅ ခုနှစ်၊ မေလတွင် ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနက ပြင်ဆင်ပေးခဲ့သော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကနဦး စစ်ဆေးချက်တွင်မူ အဝေးပြေးလမ်းဖောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထုတ်ယူရန်အတွက် လက်ရှိတည်ရှိနေသော လွန်းညာကျောက်ကျင်းမှာ အလားအလာရှိသော နေရာတစ်ခုဖြစ်သည်ဟု ဖော်ပြခဲ့သည်။

လွန်းညာရွာတွင် နေထိုင်သူများက ကျောက်ကျင်းပိတ်ရန် မကြာသေးမီက စည်းရုံးဆော်သြနေပြီး နိုဝင်ဘာလတွင်မူ  ပြည်နယ်အစိုးရထံသို့ အသနားခံလွှာတစ်ခု တင်ပြခဲ့သည်။

ယင်းလအစောပိုင်းကလည်း ကျောက်ကျင်းနေရာအား စုံစမ်းစစ်ဆေးနေစဉ် ကားတစ်စီးပေါ်မှ သေနတ်ဖြင့် လှမ်းပစ်သည်ကို ခံခဲ့ရသည်ဟု ဒေသခံအချို့က ပြောကြားသည်။

ယင်းကျောက်ကျင်းမှာ ယခင်က ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်ဟု ခေါ်ဆိုခဲ့ပြီး ယခုအခါ တပ်မတော်က ထိန်းချုပ်ထားသော နယ်ခြားစောင့်တပ်ဖွဲ့(BGF)တစ်ခုနှင့် ပတ်သက်နေသည်။ BGF တပ်မှူး ဗိုလ်မှူးကြီး စောချစ်သူ ပိုင်ဆိုင်သည့် ချစ်လင်းမြိုင်တိုယိုတာ (Chit Linn Myaing Toyota) ကုမ္ပဏီအား ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျောက်ကျင်းလုပ်ကိုင်ခွင့် လိုင်စင်ကို ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဋ္ဌာနက ခွင့်ပြုပေးခဲ့သည်။ မြန်မာနိုင်ငံ၏ ပြင်ဆင်လိုက်သည့် မိုင်းတွင်းဥပဒေအရ ကျောက်ကျင်းအများစုမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ သို့မဟုတ် လူမှုရေးဆိုင်ရာ အကဲဖြတ်ချက်များ မလိုအပ်တော့ပေ။

ချစ်လင်းမြိုင်တိုယိုတာသို့ လိုင်စင်ချထားပေးသော်လည်း China Road and Bridge Construction (CRBC) ကသာ ကျောက်ကျင်းမှ ကျောက်ထုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်ကို ဒေသခံများ ကြားသိခဲ့သည်။ BGF စစ်သားများ လုံခြုံရေးယူထားသည့် ယင်းကျောက်ကျင်းနေရာကို Frontier က သွားရောက်ခဲ့စဉ် အလုပ်သမားများမှာ CRBC တံဆိပ်ပါဝင်သည့် လုပ်ငန်းခွင်ဦးထုပ်များ ဆောင်းထားသည်ကို မြင်တွေ့ခဲ့ရသည်။

ကရင်ပြည်နယ် အိန္ဒူမှ ကော့ကရိတ်မြို့နယ်ကို ဆက်သွယ်ပေးသည့် ၆၆ ဒသမ ၄ ကီလိုမီတာ ရှည်လျားသည့် လမ်းကို ဖောက်လုပ်ရန် ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနထံမှ ကန်ထရိုက်နှစ်ခုကို CRBC က ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် ရရှိခဲ့သည်။ စီမံကိန်းအတွက် အေဒီဘီက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို အလွန်သက်သာသည့် အတိုးနှုန်းဖြင့် ချေးပေးမည် ဖြစ်သည်။

ကရင်ပြည်နယ်အစိုးရအနေဖြင့်လည်း ကျောက်ကျင်း၏ သဘာဝပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှု ဖြစ်နိုင်ချေနှင့် ပတ်သက်သည့် စာတစ်စောင်ကို လက်ခံရရှိထားကြောင်း ပြည်နယ် သဘာဝပတ်ဝန်းကျင်၊ သစ်တော၊ သတ္တုတွင်း၊ လမ်းနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာက ဒီဇင်ဘာ ၂၇ ရက်နေ့တွင် Frontier ကို ပြောကြားသည်။

“ဒါကြောင့် အဲဒီမှာ ထိခိုက်နိုင်မှုကို စစ်ဆေးဖို့ ပြည်နယ် သဘာဝပတ်ဝန်းကျင်ဌာနကို ကျွန်တော် ညွှန်ကြားထားပါတယ်” ဟု ၎င်းကပြောသည်။ သို့သော်လည်း စာက မည်သူထံမှဖြစ်သည်နှင့် စာပါအကြောင်းအရာနှင့် ပတ်သက်၍ နောက်ထပ် အသေးစိတ်ကို ပြောကြားရန် ၎င်းကငြင်းဆိုခဲ့သည်။ ချစ်လင်းမြိုင်တိုယိုတာမှ ကိုယ်စားလှယ်ကမူ သုံးသပ်ချက်ပေးရန် ငြင်းခဲ့သည်။

ကရင်နှစ်သစ်ကူးပြီးနောက် ကျောက်ကျင်းကိစ္စ ဆွေးနွေးရန်  BGF တပ်မှူး စောချစ်သူက ၎င်းတို့ရွာသားများနှင့် တွေ့ဆုံမည်ဟု ရွာသားများကို ပြောကြားခဲ့သော်လည်း ရွာသို့ ရောက်မလာသေးဟု လွန်းညာရွာနေ စောလှငွေက ပြောသည်။

နိုဝင်ဘာလနောက်ပိုင်းတွင် ကျောက်ထုတ်ယူမှု စတင်ကတည်းက ကျောက်ကျင်းမှ ဆူညံသံက နားမခံသာအောင် ကျယ်လွန်းနေသည်ဟု စောလှငွေက ပြောသည်။ ဒေသခံများမှာ စိတ်အနှောက်အယှက်ဖြစ်လွန်းသဖြင့် ဒေသခံ အုပ်ချုပ်ရေးမှူး စောအောင်ဝင်းရွှေ၏ အိမ်အပြင်ဘက်တွင် စုဝေးရောက်ရှိခဲ့ကြသည်။ စောအောင်ဝင်းရွှေမှာ ရပ်ရွာ၏ ဦးဆောင် ဘုန်းတော်ကြီးနှင့်အတူ ကျောက်ကျင်းလုပ်ငန်းကို နှုတ်မှ ထုတ်ဖော်ပြောဆို ထောက်ခံခဲ့သူဖြစ်သည်။

“ကျေးရွာအုပ်ချုပ်ရေးမှူးကတော့ ဘုန်းတော်ကြီးကို သွားပြောဖို့ ဆိုပါတယ်။ ကျွန်တော်တို့ အနိုင်ကျင့်ခံနေရတာပါ။ ကျွန်တော်တို့ ဘာပြောပြော သူတို့က ဂရုမစိုက်ပါဘူး၊ နားလည်းမထောင်ပါဘူး” ဟု စောလှငွေက ပြောသည်။

အုပ်ချုပ်ရေးမှူးဖြစ်သူ စောအောင်ဝင်းရွှေကိုမူ မေးမြန်းနိုင်ခြင်းမရှိပေ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.