ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မြန်မာအရေးက အပြောများနေဆဲ

ဒေသတွင်း တရုတ်၏ ကြီးထွားလာနေသည့် ရင်းနှီးမြုပ်နှံမှုက အာဆီယံရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် အပြောများသည့် အကြောင်းအရာဖြစ်နေသော်လည်း ပြည်ပ စီးပွားရေးလုပ်ငန်းရှင် အများအပြားက မြန်မာနိုင်ငံရှိ အလားအလာများနှင့် ပတ်သက်၍ စိတ်လှုပ်ရှားနေကြဆဲဖြစ်သည်။

အိုလီဗာ ဆလိုး ရေးသားသည်။

တရုတ်၏ တစ်ခုတည်းသော ခါးပတ်ရပ်ဝန်းနှင့် လမ်းမကြီးအစီအစဉ်၏ ဂယက်ရိုက်မှုနှင့် ပတ်သက်သည့် ဆွေးနွေးမှုက မေ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် ကျင်းပခဲ့သည့် ဖိုရမ်တွင် လွှမ်းမိုးခဲ့သည်။ ထိုအချက်မှာ အံ့သြဖွယ်တော့ မဟုတ်ပေ။ ထိုအစီအစဉ်က ဒေသတွင်း ကြီးမားသည့် သက်ရောက်မှု ရှိလာနိုင်သည်။ သို့သော်လည်း အစီအစဉ်ကို အကောင်အထည်ဖော်ရေးတွင် များပြားလှသည့် စိန်ခေါ်မှုများနှင့် အတားအဆီးများလည်း ရှိနေသည်။

ဖိုရမ်ကို သဲသောင်တစ်ခုပေါ်ရှိ ဟိုတယ်ကြီးတစ်ခုတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ခမာနီတို့သည် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ဖနွမ်ပင်ကို ပြန်လည်ထိန်းချုပ်ရန် ယင်းသောင်ပြင်နေရာမှ ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဖိုရမ်၏ အစည်းအဝေးအများစုတွင် တရုတ်နှင့် ဘီလျံများစွာတန် ၎င်း၏ စီမံကိန်းမှလွဲ၍ အာရုံစိုက် အခံရဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံတွင် နည်းပညာတိုးတက်မှုများက မြန်မာနိုင်ငံသည် အချိန်တိုအတွင်း အလွန်လျင်မြန်စွာ တိုးတက်နိုင်သည်ဆိုသည့် သာဓကတစ်ခုဖြစ်ကြောင်း နိုင်ငံစုံတွင် လုပ်ငန်းလုပ်ကိုင်နေသည့် General Electric ကုမ္ပဏီကြီး၏ ဒုတိယဥက္ကဋ္ဌ မစ္စတာဂျွန်ရိုက်စ်က ဖိုရမ် ဒုတိယနေ့တွင် ပြောကြားသည်။

ဒေသတွင်းတဝိုက်မှ စီးပွားရေးခေါင်းဆောင်များနှင့် စကားပြောဆိုမှုများစွာတွင် ဖြစ်ပေါ်ခဲ့သည့် စိတ်လှုပ်ရှားမှုမှာ ဖြစ်ပေါ်လာနေဆဲဖြစ်သည့် ပြောင်းလဲမှုများကြောင့် ဖြစ်သည်။ ထို့အပြင် မှန်ကန်စွာစီမံခန့်ခွဲနိုင်သည်ဆိုပါက မြန်မာသည် လာမည့်နှစ်များအတွင်း စီးပွားရေး ထူးထူးခြားခြား တိုးတက်လာမည်ဆိုသည့် ယုံကြည်ချက်တစ်ခုဖြစ်သည်။

၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်က စတင်ခဲ့သည့် ကြီးမားသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ဆက်စပ်သည့် အကောင်းမြင်မှုများ အတော်အတန်ပျောက်ကွယ်သွားပြီဖြစ်သည့် မြန်မာ နိုင်ငံတွင်း၌မူ ယခုကဲ့သို့ ပြောဆိုမှုများကို ကြားရမည်မဟုတ်ပေ။

ယခုနှစ်တွင် ကုမ္ပဏီအက်ဥပဒေက အတိုင်းအတာတစ်ခုအထိ သက်ဝင်လာတော့မည်ဆိုသည့် မျှော်လင့်ချက်နှင့် တွဲဖက်နေသည့် မြန်မာရင်းနှီးမြုပ်နှံမှုဥပဒေက နောက်ထပ်စိတ်အားထက်သန်မှုကို ဖြစ်ပေါ်စေလျက်ရှိသည်။ သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှုကိုမူ အများစုက မေးခွန်းထုတ်နေဆဲဖြစ်သည်။

မြန်မာ့စီးပွားရေးအပေါ် ပြည်ပမှ အမှန်တကယ် အကောင်းမြင်မှုများရှိနေသည်ကို ကြားသိရခြင်းမှာ အားတက်ဖွယ် ဖြစ်သည်။ သို့သော်လည်း ၎င်းတို့မှာ မြေပြင်တွင် အမှန်တကယ်ဖြစ်ပျက်နေသည်များကို မသိနားမလည်သည့် အပြင်လူများ ဖြစ်သည်ဟု ဝေဖန်သူတစ်ဦးက တုံ့ပြန်နိုင်မည်ဖြစ်သည်။

သို့သော်လည်း ထိုသူများအားလုံးမှာ စီးပွားရေးလောကသားများဖြစ်ပြီး ၎င်းတို့က မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန် စဉ်းစားနေသူများ၊ သို့မဟုတ် ငွေကြေး အတော်များများ ရင်းနှီးမြုပ်နှံထားသူများ ဖြစ်သည်။ ၎င်းတို့က ကြိုတင်ပြင်ဆင်မှု လုပ်ထားကြပြီဖြစ်ကာ ရှေရှည်လုပ်ငန်း ဆောင်ရွက်ကြမည်ဖြစ်သည်။ ပြည်ပမှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြုပ်နှံရန် ဖြစ်နိုင်ချေ များစွာရှိနေဆဲဖြစ်သည်ဟု အတိုင်ပင်ခံကုမ္ပဏီ Bain & Company ၏ အရှေ့တောင်အာရှရုံးမှ ပါတနာတစ်ဦးဖြစ်သူ မစ္စတာ ဆူဗီယာ ဗာရ်မားက ပြောသည်။

“ဈေးကွက်ဖွင့်ပြီဆိုရင် သိသိသာသာ အပြေးအလွှား ဝင်ရောက်ခဲ့ကြတယ်။ နောက်ပြီး ပါတနာတွေကို ခွဲခြားသတ်မှတ်ဖို့၊ အရင်းအနှီးကို ခွဲဝေချထားဖို့၊ ပြည်တွင်းမှာ အဖွဲ့တွေ ဖွဲ့စည်းဖို့ စသဖြင့် လိုအပ်ပါတယ်။ အခုက ဒီရင်းနှီးမြုပ်နှံမှုတွေကို အကောင်အထည်ဖော်ဖို့ အဆင့်မှာ ရှိပါတယ်။ အချိန်တော့ ယူရပါတယ်” ဟု ၎င်းက Frontier ကိုပြောကြားသည်။

မြန်မာနိုင်ငံကို အာရှတွင် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ဈေးကွက်တစ်ခုအဖြစ် ၎င်း၏ကုမ္ပဏီက သိရှိထားသည်ဟု ထိုင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ McKinsey ရုံး၏ မန်နေဂျင်းပါတနာ မစ္စတာရှာတေသာတာ့ဒ်ပရီဆန်က ပြောကြားသည်။

“ဒါ(မြန်မာ)က ကြီးမားတဲ့ ဈေးကွက်ကြီးပါ။ လေ့လာပြီး စဖို့လိုပါတယ်”ဟု Frontier နှင့် တွေ့ဆုံမေးမြန်းရာတွင် ၎င်းက ပြောသည်။

“သဘာဝအရင်းအမြစ်တွေ ကြွယ်ဝတယ်။ ပြီးတော့ စီးပွားရေးလုပ်ငန်းဝန်းကျင်ကလည်း တကယ့်ကို ခေတ်မီနေပါပြီ။ အပြုသဘောဆောင်တဲ့၊ ကောင်းတဲ့အချက်တွေ အများကြီးတွေ့ရတယ်။ မြန်မာဟာ မျှော်လင့်ချက်တွေကို အရှိန်မြင့်ဖို့ သူရွေးချယ်တဲ့ ချဉ်းကပ်မှုနဲ့ ပတ်သက်လို့ အရေးကြီးတဲ့အဆင့်ကို ရောက်နေပါပြီ။ ကျွန်တော့အမြင်ပြောရရင် မြန်မာဟာ ထုတ်လုပ်မှုအရှိန် မြှင့်ဖို့အရေးနဲ့ပတ်သက်လို့ အများကြီး စဉ်းစားဖို့ လိုနေပြီလို့ ထင်ပါတယ်။ မြန်မာနဲ့ ပတ်သက်တဲ့ သတင်းကောင်းကတော့ အလွန်နုပျိုတဲ့ လုပ်သားအင်အားရှိနေတာပဲ ဖြစ်ပါတယ်” ဟု တာ့ဒ်ပရီဆန်က ဆိုသည်။

ထို့အပြင် McKinsey ၏သုတေသနအရ နှစ်စဉ် မြန်မာ့လုပ်သားဈေးကွက်သို့ ဝင်ရောက်သူ ၇၀၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ စီးပွားရေးဆက်လက်တိုးတက်ရန်အတွက် အရေးပါဆုံး နယ်ပယ်မှာ အခြေခံအဆောက်အအုံကဏ္ဍတွင် များများစားစား ရင်းနှီးမြုပ်နှံရန်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် များစွာလိုအပ်နေသေးသည်။

“လိုအပ်တဲ့ကဏ္ဍနဲ့ စီမံကိန်းတွေကို ဦးစားပေးလုပ်ဆောင်နိုင်ဖို့ နောက်ထပ် ကြိုးပမ်းမှုတွေ အများကြီးလုပ်စေချင်ပါတယ်” ဟု PwC အတွက် Asia Pacific Capital စီမံကိန်းများ၏ ပါတနာဖြစ်သူ မစ္စတာမာ့ခ်ရက်သ်ဘုန်းက ဆိုသည်။ PwC သည် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံစီမံကိန်းများတွင်  အတိုင်ပင်လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။

“စီးပွားရေးစင်တာတွေအတွက် သယ်ယူပို့ဆောင်ရေးကွန်ယက်တွေ၊ မြန်မာ့စီးပွားရေးထဲကို ပိုမိုအကျိုးဖြစ်ထွန်းတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ခွင့်ပြုနိုင်ဖို့ လိုအပ်တဲ့ ဥပဒေစည်းမျဉ်းတွေ ရေးဆွဲပေးခြင်းတို့လိုအရာတွေက ရှိနေဖို့လိုတယ်လို့ နားလည်ရပါမယ်”ဟု ၎င်းကဆိုသည်။

စီးပွားရေးဦးတည်ချက်နှင့် ပတ်သက်၍ အများအားဖြင့် အကောင်းမြင်မှုရှိနေသော်လည်း စီးပွားရေးတိုးတက်မှုက မလွဲဧကန်ဖြစ်ပေါ်နိုင်သည့် ကိစ္စတစ်ခုတော့မဟုတ်ကြောင်း မွန်ဂိုလီးယားကို သာဓကထား၍ ရက်သ်ဘုန်းက သတိပေးခဲ့သည်။

လွန်ခဲ့သည့် ရှစ်နှစ်ခန့်ကလည်း မွန်ဂိုလီးယားကို လွန်စွာ အမွှန်းတင်ခဲ့ကြသေးသည်။ သို့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ အစိုးရကိုယ်တိုင်က ဒေဝါလီခံခဲ့ရပြီး ငွေကြေးပံ့ပိုးသူအချို့နှင့် အငြင်းပွားခဲ့ရသည်။ အကြွေးများ ပြန်လည်ပေးဆပ်မည်ဆိုသည့် ကတိများလည်း ပျက်ခဲ့ရသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံသည် အလွန်ကြီးမားစွာ အာရုံစိုက်ရမည့် နေရာတစ်ခုမဟုတ်သည့်တိုင် ရှောင်လွဲရမည့် နေရာတစ်ခုမဟုတ်ဟု ထင်မြင်ကြောင်းလည်း ၎င်းကပြောသည်။ မြန်မာသည် အရှေ့တောင်အာရှ၊ အိန္ဒိယနှင့် တရုတ်တို့ကြား မဟာဗျူဟာမြောက်နေရာတွင် ရှိနေခြင်း၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကသို့ ရေလမ်းမှသွားရန် ရှည်လျားသည့် ကမ်းရိုးတန်းတို့ရှိနေခြင်းတို့ကိုလည်း ၎င်းကထောက်ပြခဲ့သည်။

“ဒါ့ကြောင့် သူတို့က စိတ်ဝင်စားပါတယ်။ သူတို့မှာ ရင်းနှီးမြုပ်နှံဖို့ အလွန်ကြီးမားတဲ့ အလားအလာရှိနေပြီလို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ သယ်ယူပို့ဆောင်ရေးကွန်ယက်တွေလို အရာတွေမှာ ရင်းနှီးမြုပ်နှံမှု အများကြီး လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

ခေါင်းစီးဓာတ်ပုံ- ဖနွမ်ပင်မြို့တွင် မေ ၁၁ ရက်နေ့က ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုဝန်ကြီးချုပ်၊ ဖိလစ်ပိုင်သမ္မတနှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့အား စင်မြင့်ပေါ်၌ တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.