ကချင်ပြည်နယ်မှ အသံများကို နားထောင်ခြင်း

ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီး ၆ နှစ်အကြာ၌ ရေရှည်တည်တန့်မည့် ငြိမ်းချမ်းရေး ရရှိရန် အမျိုးသမီးများနှင့် လူငယ်များက ဆုံးဖြတ်ချက် ချနိုင်သောကဏ္ဍမှ ပါဝင်ရန် လိုအပ်လျက်ရှိသည်။

ဂယ်ရီ ဝေါ့ရှ် ရေးသားသည်။

ကချင်ပြည်နယ်မှ ရွှေ့ပြောင်းနေရာချ ခံရသူပေါင်း ၈၇,၀၀၀ အတွက် ပြီးခဲ့သော ၆ နှစ်တာကာလသည် အိပ်မက်ဆိုး တစ်ခုဖြစ်ခဲ့သည်။ နေအိမ်များမှ အတင်းအကျပ် ဖယ်ရှားခံရပြီး နေရပ်သို့ ပြန်လည်သွားရောက် နေထိုင်လိုကြသည့် ၎င်းတို့ခမျာ ယခုအခါ ကျပ်ညပ်နေသော ယာယီစခန်းများတွင် ခက်ခဲကြမ်းတမ်းသော အခြေအနေများနှင့် ရင်ဆိုင်နေရသည်။ ပြီးခဲ့သောနှစ်က ငြိမ်းချမ်းရေးလမ်းစပျောက်မည့် အလားအလာကိုသာ မြင်တွေ့ခဲ့ရပြီး တိုက်ပွဲများလည်း ပိုများလာခဲ့သည်။ နေရပ်များကိုလည်း ထပ်မံပြောင်းရွှေခံခဲ့ရသည်။

၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ၏ နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ယာယီစခန်းများတွင် နေထိုင်နေရသူ IDP များကြား ဆက်နွယ်မှုများ ကွာဟလျက်ရှိသည်။ အမျိုးသမီးများနှင့် လူငယ်များသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ အဆင့်မြင့် ဆွေးနွေးမှုများတွင် မပါဝင်နိုင်ကြပေ။ ယခုအခါ ကျွန်တော်တို့သည် အောက်ခြေလူတန်းစားများ၏ စကားသံကို နားထောင်ပြီး သူတို့၏ သုံးသပ်ချက်များ၊ လိုအပ်ချက်များကို ကြည့်ရှုကာ  ဖြည့်ဆည်းဆောင်ရွက်ပေးရမည် ဖြစ်သည်။

ကချင်ပြည်နယ်တွင် စစ်ပွဲပြန်လည်စတင်သည့် ၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Trócaire သည် Life on Hold ဟူသော အစီရင်ခံစာသစ် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အင်တာဗျူး ၁၀၀ ကျော်ကို အခြေပြုပြီး ပြီးခဲ့သော ၆ နှစ်အတွင်း ပဋိပက္ခကြောင့် နေရာပြောင်းရွှေ့ရသူ အမျိုးသမီးများက ၎င်းတို့တွေ့ကြုံခဲ့ရသည်များကို ပြန်လည်ပြောကြားထားပြီး အနာဂတ်တွင် ၎င်းတို့ ဖြစ်စေလိုသည်များကိုလည်း ဖော်ပြထားကြသည်။

Life on Hold အစီရင်ခံစာတွင် ပဋိပက္ခ၏ အကျိုးဆက်များဖြစ်သည့် အသက်ဘေးလု ထွက်ပြေးရခြင်း၊ ချစ်ခင်ရသူတို့ သေဆုံးသွားခြင်း၊ ပိုင်ဆိုင်မှုအားလုံး ထားရစ်ခဲ့ရခြင်း၊ မိသားစုကို စောင့်ရှောက်ရခြင်းနှင့် လိင်အကြမ်းဖက်ခံရခြင်းတို့ ပါဝင်သည်။ အစီရင်ခံစာတွင် တိုက်ပွဲများ၏ ဆိုးရွားသည့်အကျိုးဆက်များ၊ နေရာပြောင်းရွှေ့ရခြင်းနှင့် ဒုက္ခသည်စခန်းများတွင် နေထိုင်ရသော ဆင်းရဲချို့တဲ့မှုများကို ဖော်ပြထားသည်။

အမျိုးသမီးအများစုသည် ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံကြရကြောင်း အစီရင်ခံကြသည်။ အလုပ်များ အတင်းအကျပ် ခိုင်းစေခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ အဓမ္မပြုကျင့်ခြင်းတို့ ရှိကြောင်း ပြောကြားသည်။ ထို့ပြင် ရုံးတင်မစစ်ဆေးဘဲ ဖမ်းဆီးထိန်းသိမ်းခြင်းများလည်း ရှိသည်ဟု ဆိုသည်။

ယာယီစခန်းတွင် ကျပ်ညပ်နေကာ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားရေးတို့အတွက် အဟန့်အတားများ ရှိနေသည်။ အစားအစာ ရှားပါးမှုမှာ အမြဲတမ်းလိုလို ကြုံတွေ့နေရသည်။ အိမ်တွင်းအကြမ်းဖက်မှုများလည်း ရှိသည်ဟု ဆိုသည်။ ထိတ်လန့်ချောက်ချားမှုများ ခံစားနေကြရသည်။ သို့သော် ထိုအမျိုးသမီးများသည် ထိုသို့သော အခြေအနေများ ရှိသည့်တိုင် ကြံ့ကြံ့ခံနိုင်ကြသည်။

အမျိုးသမီးများသည် နေရင်းရပ်ထံ ပြန်လိုကြသည်။ သို့သော် သူတို့ လိုအပ်ချက်များကို ဖော်ပြကြသည်။ မြေမြုပ်မိုင်းများကို ရှင်းလင်းထားရမည်။ လက်နက်ကိုင် တပ်များက သူတို့၏ ရွာများမှ ထွက်ခွာရမည်။ သူတို့ဘဝကို ပြန်လည်စတင်ရန် စီးပွားရေး အထောက်အပံ့ ပေးရမည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတို့အတွက် တရားမျှတမှု လိုအပ်ကြောင်း ပြောသည်။ ဒုက္ခသည်စခန်းများတွင် ဆွေးနွေးမှုများ၊ ဆုံးဖြတ်မှုများတွင် ဘေးဖယ်ခံထားရသော်လည်း တွေ့ဆုံမေးမြန်းခံရသော အမျိုးသမီးများတွင် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ၌ ပါဝင်လိုသူများ ရှိနေကြသည်။

မေးမြန်းခံရသူ တစ်ယောက်က “ယာယီစခန်းမှာ ငြိမ်းချမ်းရေးအတွက် အဖွဲ့ တစ်ဖွဲ့ ကျွန်မတို့ တည်ထောင်ရမယ်။ ပြီးရင် ခေါင်းဆောင်ကို ရွေးချယ်ရမယ်။ ပြီးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တခြားစခန်းက ဒုက္ခသည်တွေနဲ့ မျှဝေရမယ်” ဟု ပြောသည်။

အခြားတစ်ယောက်ကလည်း “အမျိုးသမီးတွေက ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ရမယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို အမျိုးသမီးတွေကပဲ သိလို့ဖြစ်ပါတယ်”ဟု ဆိုသည်။

Trócaire က ထိုအစီရင်ခံစာသည် နေရာပြောင်းရွှေ့ရသော အမျိုးသမီးများ၏ ရုန်းကန်မှုကို ဖော်ပြနိုင်ရုံမျှမက ကျားမတန်းတူညီမျှသော ငြိမ်းချမ်းရေးနှင့် စေ့စပ်ဆွေးနွေးမှုများလည်း ဖြစ်ပေါ်စေနိုင်ရမည်ဟု မျှော်လင့်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်ရေးအတွက် တိုးတက်မှုများ ရှိလာသည်။ စေ့စပ်ဆွေးနွေးသူများ၏ ၃၀ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ရမည်ဟု ဆုံးဖြတ်လာကြသည်။ သို့သော် ထို ၃၀ ရာခိုင်နှုန်းသည် လက်တွေ့တွင် ဖြစ်မလာသေးပေ။ တရားဝင် ပင်လုံညီလာခံနှင့် ဆွေးနွေးပွဲများတွင် အမျိုးသမီးများ ပါဝင်မှုသည် နည်းပါးနေဆဲ ဖြစ်သည်။

နေရာပြောင်းရွှေ့ရသော အမျိုးသမီးများကို သူတို့ခံစားချက် ဖွင့်ဟသံများ ထွက်လာနိုင်စေရန် လုပ်ဆောင်ပေးခြင်းအပြင် Trócaire သည် အမျိုးသမီးများနှင့် လူငယ်များကို သူတို့၏ ဘဝနှင့် အတွေ့အကြုံများအတွက် ဓာတ်ပုံဖြင့် မှတ်တမ်းတင်နိုင်ရန်လည်း လုပ်ဆောင်ပေးသည်။

“တို့များအသံ ကြားသိကြစေ” Let My Voice Be Heard ဆိုသော ဓာတ်ပုံပြပွဲတစ်ပွဲကို စီစဉ်ပေးပြီး ယင်းပြပွဲကို ဇွန်လ ၈ ရက်မှ ၁၈ ရက်အတွင်း ရန်ကုန်မြို့ရှိ Myanmar Deitta ပန်းချီပြခန်းတွင် ပြသနိုင်ရန် စီစဉ်ပေးသည်။ ထိုဓာတ်ပုံပြပွဲဖြင့် တရုတ်-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်သော အမျိုးသမီးများနှင့် လူငယ်များ၏ နေထိုင်မှုဘဝကို ဖော်ထုတ်ပြသပေးနိုင်မည် ဖြစ်သည်။

ထိုဓာတ်ပုံများ အပါအဝင် မာလ်တီမီဒီယာ ဓာတ်ပုံသတင်းများကို ရန်ကုန် ဓာတ်ပုံပွဲတော် Yangon Photo Festival ၏ အကူအညီဖြင့် ထုတ်ဝေပေးနိုင်ခဲ့သည်။ ယင်းတို့ထဲမှ ၂ ခုကို ဧပြီလတွင် ကျင်းပမည့် ယခုနှစ်အတွက် ပြပွဲတွင် ပြသခဲ့ရာ ယင်းတို့ထဲမှ တစ်ပုံမှာ ဆုရရှိခဲ့သည်။

ဓာတ်ပုံသတင်းများသည် နေရာပြောင်းရွှေ့ နေထိုင်ရသော အမျိုးသမီးများနှင့် လူငယ်များ၏ ဘဝကို ထင်ဟပ်ပြသနိုင်ခဲ့သည်။ ဓာတ်ပုံအချို့သည် ၂၀၁၇ အစောပိုင်းတွင် ပဋိပက္ခမှ ထွက်ပြေးတိမ်းရှောင် ရသောကြောင့် တွေ့ကြုံခဲ့ကြရသည့် နေရာပြောင်းရွှေ့ရခြင်း၏ အဆင်မပြေမှုများ၊ အခက်အခဲများကို ပြသထားသည်။ ဓာတ်ပုံအချို့မှာ ယာယီတဲများတွင် နေထိုင်သူများ၏ အကြမ်းပတမ်း ခံနိုင်မှုကို ဖော်ပြထားသည်။

ဒုက္ခသည်စခန်းများတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်း၊ ယာယီစခန်းတွင် သွက်လက်တက်ကြွမှု ရှိနေစေရန် အားကစား လုပ်ဆောင်ကြခြင်း၊ ဘာသာရေးထုံးတမ်းများ လုပ်ဆောင်ခြင်းတို့ကို ပြသထားသည်။ ယာယီစခန်းမှ လူ့အဖွဲ့အစည်း၏ တက်ကြွလှုပ်ရှားမှုများသည် လေကြောင်းမှ ပစ်ခတ်ခြင်း၊ အမြောက်များဖြင့် ပစ်ခတ်ခြင်းများ ရှိနေသည့်တိုင် မျှော်လင့်ချက်များကို ဆက်လက်ဆုပ်ကိုင်ထားမည်သာ ဖြစ်သည်။

အခြေခံအားဖြင့် ရေရှည်တည်တန့်မည့် ငြိမ်းချမ်းရေးကို ရရှိစေရန် ကျွန်တော်တို့သည် အမျိုးသမီးများနှင့် လူငယ်များ၏ အသံကို နားထောင်ရပေမည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုသည်မှာ အောက်ခြေမှ အထက်သို့ တက်ရသော လုပ်ငန်းစဉ် ဖြစ်သည်။ ယင်းတွင် လူတိုင်း ပါဝင်နိုင်ရမည်။ အမျိုးသမီးများနှင့် လူငယ်များ၏ အသံ၊ မျှော်လင့်ချက်၊ လိုလားချက်များလည်း မပါဝင်၊ ဆွေးနွေးပွဲများတွင်လည်း ပါဝင်ခွင့်မပြုဘဲထားပါက တာရှည်ခံသော ငြိမ်းချမ်းရေးဆိုသည်မှာ ကချင်ပြည်နယ်တွင် အလှမ်းဝေးနေဦးမည် ဖြစ်သည်။

ဂယ်ရီ ဝေါ့ရှ်သည် Trócaire Myanmar ၏ ဖွံ့ဖြိုးရေးအစီအစဉ် အကြီးအကဲ ဖြစ်သည်။ Trócaire Myanmar ၏ လုပ်ဆောင်ချက်များကို ဥရောပသမဂ္ဂ၏ ယူရို ၇ သန်းအထောက်အပံ့ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် လုပ်ဆောင်သော ဤအစီအစဉ်၏ အမည်မှာ ရေရှည်တည်တန့်မည့် ငြိမ်းချမ်းရေး အစီအစဉ် Durable Peace Programme ဖြစ်သည်။ ယခုဆောင်းပါးတွင် ပါဝင်သော အချက်များမှာ စာရေးသူ၏ အမြင်များသာဖြစ်ပြီး ဥရောပသမဂ္ဂနှင့် မသက်ဆိုင်ကြောင်း ဖော်ပြအပ်ပါသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.