ကချင်တိုက်ပွဲ အရှိန်မြင့်လေ၊ စိုးထိတ်မှုများ တိုး၍ ယုံကြည်မှုများ ပျက်ပြားလေ

ကချင်ပြည်နယ်တွင် စစ်ပွဲများ ဖြစ်ပွားပြီး ၆ နှစ်အကြာတွင် နေရာရွှေ့ပြောင်း တိမ်းရှောင်သူများသည် ဆက်လက်တိုက်ခိုက်မှုများကြောင့် စိုးရိမ်မှုများ ပိုများလာလျက်ရှိသည်။

ကင်ဂျောနော်နှင့် ဒပ်စတင် ဘာတာတို့ ရေးသားသည်။

ကချင်ပြည်နယ်မှ ပဋိပက္ခ ဖြစ်ပွားမှု ၆ နှစ်ပြည့်ပြီးချိန်တွင် မြေပြင်အခြေအနေများသည် ပြီးခဲ့သည့် လအနည်းငယ်အတွင်း ပိုမိုဆိုရွားလာခဲ့သည်။ လက်နက်ကိုင် ထိပ်တိုက်တွေ့ဆုံမှုများ များပြားပြီး နေရာရွှေ့ပြောင်းတိမ်းရှောင်သူများလည်း ပိုမိုများပြားလာသည်။ လူသားချင်း စာနာမှု အကူအညီများကို အထူးတလည် ကန့်သတ်ခံရမှုများလည်း တိုးတက်များပြားလာသည်။ အထူးသဖြင့် ကေအိုင်အေ က ထိန်းချုပ်သော နေရာများတွင် ဖြစ်သည်။ ထွက်ပြေးတိမ်းရှောင်သူများကို ပြန်လည်နေရာချထားရန် လုံခြုံသော နေရာလည်း ရှားပါးလာလျက်ရှိသည်။

ကချင်ပြည်နယ်မှ လူများသည် စိုးရိမ်ကြောင့်လန့်မှုများသာ နေ့စဉ်တိုးပွားလာလျှက် ရှိသည်။ အင်ဂျာယန် မြို့နယ် အောင်ရရွာမှ ထွက်ပြေးတိမ်းရှောင်လာသော လူတစ်ဦး၏ အတွေ့အကြုံကို ကြည့်ရှုခြင်းဖြင့် သိရှိနိုင်သည်။

“၂၀၁၆ ဒီဇင်ဘာ ၁၆ ရက် မနက် ၇ နာရီလောက်မှာ တိုက်လေယာဉ် ၂ စီး ကျွန်တော်တို့ရွာဘက် ဦးတည်မောင်းလာတာကို ရွာသားတွေနဲ့ ကျွန်တော် ဗြုန်းစားကြီး တွေ့လိုက်ရတယ်။ သိပ်မကြာခင်မှာပဲ ရွာနားဝန်းကျင်ကို လေယာဉ်ပေါ်က ပစ်ခတ်တဲ့ အသံတွေ ကြားရတယ်။ လေယာဉ်နှစ်စီးက ရွာရဲ့ အနောက်ဘက် အနီးတဝိုက်ကို အဲဒီမနက် ၇ နာရီက ပစ်တာပဲ။ ရွာသားတွေ အကုန်လုံး တောထဲကို ပြေးဝင်သွားကြတယ်” ဟု သူ၏ အတွေ့အကြုံကို ပြောပြသည်။

ဝိုင်းမော်မြို့နယ် ဇိုင်းအောင် ဒုက္ခသည်စခန်းမှ ရွာသားတစ်ဦးကလည်း သူ၏ အတွေ့အကြုံကို ပြောပြသည်။ ထိုစခန်းတွင် ပြောင်းရွှေ့နေထိုင်သူ ၆,၀၀၀ ကျော် ရှိသည်။

“၂၀၁၆ ဒီဇင်ဘာ ၂၈ ရက်မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ ည ၆ နာရီကနေ မနက် ၁ နာရီအထိ မော်တာတွေ သေနတ်တွေနဲ့ ပစ်ခတ်နေတယ်။ သေနတ်သံတွေက စခန်းကနေတောင် တစ်ညလုံး ကြားနေရတယ်။ မော်တာကျည်ဆန်တွေက ဇိုင်းအောင်စခန်းနားထိ ကျလာတယ်။ အဲဒီညမှာတော့ စခန်းတစ်ခုလုံး ကမ္ဘာပျက်သလိုမျိုး ဖိန့်ဖိန့်တုန်အောင် ထိတ်လန့်နေကြတယ်”

အစိုးရက ရေရှည် ငြိမ်းချမ်းရေး ရရှိရေးကို ဦးစားပေးအဖြစ် လုပ်ဆောင်မည်ဟု ကြေညာထားသော်လည်း တပ်မတော်နှင့် လက်နက်ကိုင် တိုင်းရင်းသားများက ထိုရလဒ်မျိုးကို အမှန်တကယ် လိုချင်ကြပါရဲ့လောဟု မေးခွန်းထုတ်စရာ ရှိနေသည်။

ငြိမ်းဖောင်ဒေးရှင်းမှ ၃ လ တစ်ကြိမ် ပြုလုပ်သော ပဋိပက္ခ စောင့်ကြည့်ရေး အစီရင်ခံစာသည် ကချင်ပြည်နယ်၊ မြို့နယ် ၈ မြို့နယ်မှ လူပေါင်း ၁၀၀ ကျော်ကို တွေ့ဆုံထားပြီး စစ်ပွဲဆိုင်ရာ အတွေ့အကြုံများနှင့် ထင်မြင်ချက်များကို မေးမြန်းထားသည်။ စစ်တမ်းကောက်ယူသော ပမာဏသည် သေးငယ်သော်လည်း ဇန်နဝါရီလ စစ်တမ်းတွင် ပြည်နယ်တွင်းရှိ လူများသည် စိုးရိမ်မှုများ ရှိနေကြဆဲဖြစ်ကြောင်း ပြသနေသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက ဖြေဆိုသူ ၆၅ ရာခိုင်နှုန်းသည် စိတ်မလုံခြုံသည့် ခံစားမှုကို ဖော်ပြသောအားဖြင့် ညဘက် တစ်ယောက်တည်း အပြင်မထွက်ရဲကြောင်း ဖြေဆိုခဲ့ကြသော်လည်း ၂၀၁၇ ဇန်နဝါရီလတွင် ယင်းမှာ ၇၉ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။ သေနတ်သံများ ပေါက်ကွဲသံများ ကြားရသည်ဟု ဖြေဆိုသူများသည် ယခင်က ၅၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၈၀ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။ ဒုက္ခသည် စခန်းများအနီး တိုက်ပွဲဖြစ်ပွားသည်ဟု ဖြေဆိုသူများသည် ၃၆ ရာခိုင်နှုန်းမှ ၄၈ ဒသမ ၉ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။

တိုက်ပွဲဖြစ်ပွားသော နေရာများက ပျံ့နှံ့များပြားလာနေသဖြင့် ဒုက္ခသည် စခန်းများ ထားရှိရမည့် နေရာများ ရှားပါးလာသည်။ ဝိုင်းမော်မြို့အနီးမှ ဒုက္ခသည်စခန်းတွင် နေရာပြောင်းရွှေ့လာသူ “ကျွန်တော်တို့ စခန်းပေါ်ကနေ တိုက်လေယာဉ်တွေ ပျံနေတယ်။ သူတို့က ကျွန်တော်တို့ကို ဗုံးချလိုက်ပြီးမှ မတော်တဆ ဖြစ်တာပါလို့ ပြောချင်ပြောနိုင်တယ်” ဟု ပြောပြသည်။

ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့အနီး၌ ယင်းသို့ ဗုံးချရန် မဖြစ်နိုင်သည့်တိုင် ကြောက်လန့်စိုးထိတ်မှုသည် လူအများကို အမြဲတစေ လွှမ်းမိုးထားသကဲ့သို့ ရှိသည်။

လက်ရှိငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်က ရေရှည်ခံသော ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မည် ထင်ပါသလောဟု မေးမြန်းကြည့်ရာ အောက်တိုဘာတွင် ဖြေဆိုသူ ၅၂ ရာခိုင်နှုန်းက ဆောင်ကြဉ်းနိုင်မည်ဟု ယုံကြည်ကြောင်း ဖြေကြားခဲ့ကြသော်လည်း ၂၀၁၇ ဇန်နဝါရီ၌ ၂၀ ဒသမ ၆ ရာခိုင်နှုန်းကသာ ယုံကြည်သည်ဟု ဖြေကြားခဲ့သည်။

တဖန် လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လူ့အဖွဲ့အစည်းများ လုံခြုံရေးကို ဦးစားပေးထားသည်ဟု ထင်မြင်သလောဟု မေးမြန်းပြန်ရာ အောက်တိုဘာလက ယုံကြည်ကြောင်း ဖြေကြားသူ ၅၃ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ဇန်နဝါရီလတွင် ၁၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

နေရာပြောင်းရွှေ့နေရသူများသည် လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်ကို မယုံကြည်ကြတော့ကြောင်း တွေ့ဆုံမေးမြန်းမှုများက ဖော်ပြနေသည်။ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ၏ အဖွင့်ကို ပြည်တွင်းနှင့် နိုင်ငံတကာက များစွာ အာရုံစိုက်ခဲ့ကြသော်လည်း ကချင်ပြည်နယ် ဒုက္ခသည်စခန်းမှ လူများအတွက်တော့ ပဋိပက္ခများနှင့် ထွက်ပြေးတိမ်းရှောင်ရမှုများ ရှိနေဆဲကာလ၌ ဘာမျှအဓိပ္ပာယ် မရှိချေ။ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ယုံကြည်မှုသည် စိုးရိမ်မှုများအဖြစ် ပြောင်းလဲသွားသည်။ အဘယ့်ကြောင့်ဆိုသော် အစိုးရက လုပ်ဆောင်လိုက်သော ကြိုးပမ်းမှု အသစ်အသစ်တိုင်းသည် ပြင်းထန်သော စစ်ပွဲများကိုသာ ဖြစ်ပေါ်လာစေသောကြောင့် ဖြစ်သည်။

ယုံကြည်မှုများ ကျဆင်းလာခြင်းကြောင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် ရေရှည်အတားအဆီးများ ထပ်မံပေါ်ပေါက်လာခဲ့သည်။ ၂၀၁၆ အောက်တိုဘာလမှ ၂၀၁၇ ဇန်နဝါရီလအတွင်း တပ်မတော်ကို ယုံကြည်သူ ၁၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၉ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ မြန်မာအစိုးရအပေါ် ယုံကြည်မှုသည် ခိုင်မာလျက်ရှိပြီး ၂၈ ရာခိုင်နှုန်းမှ ၂၉ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။ ကေအိုင်အို/ ကေအိုင်အေကို ယုံကြည်မှုသည် ၉၀ ရာခိုင်နှုန်းမှ ၈၂ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။

ယုံကြည်မှုများ ကျဆင်းပြီး တင်းမာမှုများ တိုးမြင့်လာ၍ ငြိမ်းချမ်းရေးပန်းတိုင်သို့ သွားရာလမ်းကြောင်းသည် မလုံမခြုံဖြစ်မှုများ၊ ကြောက်ရွံ့စိုးထိတ်မှုများဖြင့် လမ်းကြောင်းမှ ပိုမိုသွေဖည်လာသည်။ တိုက်ပွဲအရှိန် တိုးမြှင့်ခြင်းက ငြိမ်းချမ်းရေးသို့ သွားရာလမ်း မဟုတ်သည်မှာ ရှင်းလင်းသည်။

၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယအကျော့သည် မကြာမီ ရောက်ရှိလာတော့သည့် အချိန်တွင် ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင် ဘာတွေ ပြင်ထားသင့်သနည်း။

ယခင်က ပူးတွဲမဟာဗျူဟာအဖွဲ့ Joint Strategy Team ဟု ခေါ်ဆိုသော ကချင် အရပ်ဘက် လူမှုအဖွဲ့အစည်းသည် တိုင်းရင်းသား လက်နက်ကိုင်များ၊ တပ်မတော်၊ အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ပါဝင်ဆောင်ရွက်ပေးကြရန် တောင်းဆိုနေခဲ့သည်။ သို့သော် ဘာကို လုပ်ဆောင်ရမည်နည်း။

တပ်မတော်သည် လေကြောင်းမှ တိုက်ခိုက်မှု၊ ပြင်းပြင်းထန်ထန် မြေပြင်ပစ်ခတ်မှုများမှအပ ကျန်သော အသံအားလုံး တိတ်နေသည်။ ကျွန်တော်သည် ဤဆောင်းပါးကို အတိုက်အခိုက်များ ရပ်စဲပစ်ရန်၊ အရပ်သားများကို ကာကွယ်ပေးရန်၊ လူသားချင်း စာနာမှု အကူအညီများကို ကန့်သတ်နေမှုများ ဖယ်ရှားပေးရန် စသည့်တောင်းဆိုမှုဖြင့် အဆုံးသတ်လိုသည်။ ယင်းတို့မှာ လူအားလုံးက ကာလတာရှည်လှစွာ သိထားပြီးဖြစ်သည့်တိုင် ယခုအရေးတကြီး လိုအပ်လျက်ရှိသည်။

ပြည်တွင်းနှင့် နိုင်ငံတကာမှ ပါဝင်ဆောင်ရွက်သူများသည် ယခုလက်ရှိ လုပ်ဆောင်နေသော နည်းလမ်းမျှဖြင့် ကျေနပ်နေ၍ မရပေ။ ထိုလုပ်ဆောင်ချက်များသည် ထိခိုက်ကြေကွဲစရာ ပြင်းထန်သော ပဋိပက္ခများသာ ဆက်လက်ဖြစ်ပွားနေချိန်တွင် တိုးတက်မှု တစုံတရာ မယ်မယ်ရရ ရရှိနိုင်မည် မဟုတ်ချေ။

သို့ဖြင့် အရေးတကြီး မေးခွန်းထုတ်စရာ ရှိလာတော့သည်။ ကျွန်တော်တို့ ထူးခြားလာအောင် ဘယ်လိုဆောင်ရွက်သွားကြရမလဲဟူ၍။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ဤဆောင်းပါးကို ကချင်ပြည်နယ်တွင် လုပ်ဆောင်နေသော ရေရှည်တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး အစီအစဉ် Durable Peace Program ၏ အစိတ်အပိုင်းအဖြစ် ရေးသားထားခြင်း ဖြစ်သည်။ ယင်းစီမံကိန်းကို KBC, KMSS, Metta, Nyein Foundation, Oxfam, SwissAid နှင့် Trócaire တို့က ဥရောပသမဂ္ဂ၏ ယူရို ၇ သန်း အထောက်အပံ့ဖြင့် ပြုလုပ်နေခြင်း ဖြစ်သည်။ ဤဆောင်းပါးအတွင်းမှ အမြင်များသည် စာရေးသူ အမြင်သက်သက်သာ ဖြစ်ပြီး ဥရောပသမဂ္ဂ၏ အမြင်မဟုတ်ပေ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.